Sunday, December 4, 2011
ရွှေမြိုင်မှာပင်နေတော့မယ်
မဟာစေတီ(ပဲခူး) သမိုင်း
နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေနေ့တွင် စေတီတော် ဌာပနာရန် အတွက်ဓာတ်တော်၊ မွေတော်များကို မင်းမျိုးများ၊ မင်းညီမင်းသားများ ကရွှေနန်းတော်မှ ပို့ဆောင်ပွဲကျင်းပသည်။ ထိုနေ့တွင်ပင် ရာဇဒေ၀ီ မိဖုရားမှ သမီးတော်တစ်ပါးဖွားမြင်ရာ ရာဇဓါတုကလျာ ဟုအမည်ပေးလေသည်။
နတ်တော်လပြည့်ကျော် ၂ ရက်တွင် ပွဲသဘင်ကြီးကျင်းပကာ ပထမ ဌာပနာပွဲကြီးကျင်းပသည်။ ထိုမှ အစပြုကာ နောက်၅ လအတွင်း ၅ကြိမ်၊စုစုပေါင်း ဌာပနာထည့်သွင်းပွဲကြီး ၆ ကြိမ်တိုင်တိုင်ကျင်းပသည်။ထိုသို့ဖြင့် ၆ လအကြာတွင် သံတောင် ၁၀၀၊အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။
၉၂၂ ၊ ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲကျင်းပသည်။ မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကို လည်းလှုသည်။ စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိန်သာ ဟုအမည်ပေးသည်။ ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတ၀န်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀၀ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကို ရေှးဆွဲပူဇော်စေသည်။ မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊ ၅ကျပ်နှင့် တစ်မတ်သား တိတိ လှုသည်။ စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှုသည်။

ကျိုက်ထီးရိုး ဘုရား
ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားလေသည်။
ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားလေသည်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်။ ဘုရားဖူးများသည် နေနေနားနား တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပေပြီးဖြစ်သည်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြသည်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။
ကိုးကား
- ↑ http://www.allmyanmar.com/new%20allmyanmar.com/Kyaiktiyo%20Pagoda.htm
- ↑ http://en.wikipedia.org/wiki/Kyaiktiyo_Pagoda
- ↑ မြန်မာ ဝီကီပီဒိယ
- ↑ http://www.newsfinder.org/site/more/kyaikhtiyo_the_golden_rock_stupa

ကျိုက်ထီးရိုး ဘုရား
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။

ကျိုက်ထီးရိုး ဘုရား
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တီရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။ စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။
Saturday, December 3, 2011
မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၈)
ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူထားသော မွန်တိုင်းရင်းသားအစည်းအရုံးသည် အသံသာ ရှိပြီး အဆံမရှိသော အစည်းအရုံး ဖြစ်သည်ဟု ဖဆပလအမှုဆောင်အဖွဲ့မှ ပုတ်ခတ်လာသည်ကို တန်ပြန်သည့်သဘောဖြင့် ၁၉၄၆ ခုနှစ် ကုန်ခါနီးတွင် (ယခင် ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ် ပငရွာတွင် အမျိုးသားညီလာခံတရပ်ကို ကျင်းပသည်။ ၎င်းညီလာခံကို မွန်အမျိုးသား ထောင်ပေါင်းများစွာ တက်ရောက်ကြသည်။
၎င်းညီလာခံ၏ အဓိက အရေးကြီးသော ဆုံးဖြတ်ချက် (၂) ခုမှာ -
(၁) သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် သမလ၊ ဝိမလ ညီနောင်နှစ်ပါး တို့သည် သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်သည့်နေ့ကို ယူပြီး နှစ်စဉ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့ ဖြင့် သတ်မှတ်ရန်။
(၂) လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ် သတ်မှတ်ပေးရန်။ အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တို့ ဖြစ်သည်။
အထက်ပါ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရန်အတွက် မွန်တိုင်းရင်းသားအစည်းအရုံး၏ ဗဟိုအလုပ်မှုဆောင်ကို ရွေးကောက်တင်မြှောက်ကြသည်၊ ၎င်းအမှုဆောင်တွင် -
ဥက္ကဌ - မွန်ဦးဖိုးချို
ဒု-ဥက္ကဌ - နိုင်အောင်ထွန်း
အထွေထွေ အတွင်းရေးမှူး - မွန်သန်း
တွဲဖက် အထွေထွေအတွင်းရေးမှူး - နိုင်ချမ်းမွန်
ပြန်ကြားရေးနှင့်ဝါဒဖြန့်ချီရေး - နိုင်မွန်ထော (ဆရာဗဟို)
စည်းရုံးရေး - မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေ
- စသော ပုဂ္ဂိုလ်များကို တင်မြှောက်ကြသည်၊ သို့သော် အလုပ်အမှုဆောင်၏ လုပ်ငန်းများကို မွန်ဖိုးချိုနှင့် မွန်သန်းတို့က ရန်ကုန်တွင် တာဝန်ယူ ဆောင်ရွက်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလ လက်အောက်တွင် ရှိနေစဉ် မွန်ဦးဖိုးချိုသည် ဖဆပလ စည်းရုံးရေးအတွက် အထူးသဖြင့် တနင်္သာရီတိုင်းကို တာဝန်ယူသည်။
မွန်လူငယ်အဖွဲ့
၁၉၄၁ ခုနှစ်တွင် မွန်ဖေသိန်း၊ မွန်သောင်းအေးတို့နှင့် တက္ကသိုလ်ရှိ မွန်ကျောင်းသားများ စုစည်းပြီး ရာမညအဖွဲ့ချုပ်နှင့်ညှိနှိုင်း၍ မွန်လူငယ်အဖွဲ့ ဖွဲ့ရန် စတင် စိုင်းပြင်းခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ရပ်ဆိုင်းထားပြီး ၎င်းလူငယ်များစုသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် အာရှလူငယ်တွင် ပါဝင်ကြသည်။ တချို့မှာ ဖက်ဆစ်ဂျပန်လက် ရောက်ပြီး အသတ်ခံ့ခဲ့ရသည်၊ ၎င်းတို့ စတင် အစပျိုးခဲ့သော မွန်လူငယ်အဖွဲ့ကို စစ်ပြီးနောက်ပိုင်း ၁၉၄၆ ခုနှစ်တွင် ရန်ကုန်ရှိ ပညာတတ်မွန်လူငယ်များဖြစ်ကြသော တက္ကသိုလ်ကျောင်းသား၊ စာရေးစာချီများ စုစည်းပြီး မွန်လူငယ်အဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းကြသည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရန် နှင့် မွန်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု တိုးတက်ရေးကို တတပ်တအား ဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းအဖွဲ့၏ ဥက္ကဌမှာ မွန်စံလှိုင်၊ ဒု-ဥက္ကဌ မွန်ဘလုံး၊ အထွေထွေအတွင်းရေးမှူး မွန်စိန်ထွန်းအောင် နှင့် အမှုဆောင်များအဖြစ် မွန်စံလှ၊ နိုင်ငွေသိမ်း၊ မွန်မြတ်ထွန်း စသော မွန်လူငယ်များ ပါဝင်ကြသည်၊ ပထမအကြိမ် မွန်လူငယ်ညီလာခံကို မော်လမြိုင်မြို့တွင် ကျင်းပသည်။
မွန်လူငယ် လှုပ်ရှားမှုသည် မွန်ဒေသတွင် မွန်လူငယ်များအား စုစည်းနိုင်ခဲ့သော်လည်း တချို့သောဌာနချုပ် အမှုဆောင်များနှင့် နယ်ခေါင်းဆောင်များသည် မွန်တိုင်းရင်းသားအစည်းအရုံးနှင့်၎င်း၊ ရာမညအဖွဲ့ချုပ်နှင့်၎င်း၊ ပူးပေါင်းဆောင်ရွက်၍ အဖွဲ့တွင်း မကြာခဏ ပြဿနာပေါ်ခဲ့သည်။ မွန်လူငယ်ကို စမွတ်ဗလိုင် ဟု ခေါ်သည်ကို တခြားတိုင်းရင်းသားများက စမွတ် ဟု ခေါ်တွင်ကြသည်။
မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၇)
ဒုတိယကမ္ဘာစစ်ကြီး (၁၉၄၂-၄၅) ဖြစ်ပွားချိန်တွင် ဂျပန်သည် အရှေ့တောင်အာရှ သာတူညီမျှရေး ကြွေးကြော်သံနှင့်အတူ မြန်မာပြည်သို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်နှင့်အတူ ၁၉၄၂ ခုနှစ်တွင် ဝင်ရောက်လာသည့် ရဲဘော်သုံးကျိပ်သည် မြန်မာလွတ်လပ်ရေးအတွက် ဗြိတိသျှ နယ်ချဲ့သမားကို တိုက်ခိုက်၍ မြန်မာပြည်မှ မောင်းထုတ်ရန် ဂျပန်ထံမှ စစ်ပညာသင်ပြီး ဂျပန်မှ လက်နက် ရယူခဲ့သည်၊ ယိုးဒယားတွင် လူစုပြီး ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို တည်ထောင်ခဲ့သည်၊ ထိုင်းလင်း (ယိုးဒယား) ရောက် မြန်မာများနှင့် မွန်များ ပါဝင်ခဲ့သည်၊ (မြန်မာ့လွတ်လပ်ရေး တပ်မတော်တွင် မြန်မာ ငါးထောင်၊ မွန် သုံးထောင် ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့သည်။ ဤကား စကာချပ်)။
ဗြိတိသျှနယ်ချဲ့ကို မောင်းထုတ်ပြီး ဂျပန်များ၏ညွန်ကြားချက်အရ မြန်မာနိုင်ငံကို ၁၉၄၃ ခု၊ သြဂုတ်လ ၁ ရက်နေ့တွင် လွတ်လပ်ရေးကြေငြာသည့် အစိုးရအဖွဲ့၏ အကြီးအကဲ အဓိပတိမှာ ဒေါက်တာ ဗမော် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံရေးဆွဲပြီး လွတ်လပ်ရေးကြေငြာသော်လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမှာ ဂျပန်၏ သဘောဆန္ဒအရသာလုပ်ရသည့် နာမည်ခံလွတ်လပ်ရေး ဖြစ်သည်။
ဂျပန်လက်ထက်တွင် ဂျပန်ခွင့်ပြုချက်အရဖွင့်လှစ်သော နိုင်ငံအစည်းအရုံးမှာ - တို့ဗမာဆင်းရဲသား အစည်းအရုံး ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသောလူမျိုးများ ဖြစ်သည်ကို ခံယူစရာမလိုဘဲ မြန်မာနိုင်ငံသားမှန်သမျှသည် ဗမာလူမျိုးသာဖြစ်ကြောင်း မှတ်ယူရမည်၊ လွတ်လပ်သော မြန်မာနိုင်ငံ၏စာမှာလည်း မြန်မာစာသာ ဖြစ်ရမည်ဖြစ်သည်ဟု ကြေငြာသည်။
အစိုးရ၏ ဝါဒကြောင့် မွန်စာပေသင်ကြားနေသော မွန်ဒေသရှိ ဘုန်းတော်ကြီးကျောင်းများကို မွန်စာပေသင်ကြားရန် ပိတ်ခဲ့သည်၊ သို့သော် မွန်ဘုန်းကြီးကျောင်းများ လျှို့ဝှက်သင်ကြား ကြသည်။
ဂျပန်ခေတ်တွင် လူငယ်များကို အသုံးချရန်အတွက် အာရှလူငယ်အဖွဲ့ကို ဂျပန်ကဖွင့်လှစ်ခဲ့သည်၊ သို့သော် အာရှလူငယ်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်၊ ထိုအာရှလူငယ်တွင် မွန်ကျောင်းသူ ကျောင်းသားများနှင့် ပညာတတ်မွန်လူငယ်များသည် မြန်မာပြည်လွတ်လပ်ရေးအတွက် သွေးမြေကျတိုက်ပွဲများ ဆင်ခဲ့ကြသည်၊ အချို့မှာ ကွန်မြူနစ်ပါတီအရေးတော်ပုံထဲတွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ် ဗမာ့တပ်မတော်စသော မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင် မွန်အမျိုးသားတို့သည် အမျိုးသားရေးအရ သွေးမကွဲဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ ယခု တပ်မတော်တွင်းရှိ မွန်အမျိုးသားတပ်မှူး၊ အကြပ်တပ်သားများနှင့် ကျဆုံးသွားသော အနားယူသွား မွန်အမျိုးသား စစ်မှုထမ်းဆောင်ဟောင်းများက သက်သေထူလျှက် ရှိပါသည်။
ဒုတိယ ကမ္ဘာစစ်ပြီးကာလမှ လွတ်လပ်ရေးခေတ် မွန်အမျိုးသားလှုပ်ရှားမှု
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်
ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်လက်နက်ချပြီး ပြီးဆုံးသွားသည်။ ဗြိတိသျှ အစိုးရ၏ မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် စက္ကူဖြူစာတမ်းကို ပိုက်၍ မြန်မာနိုင်ငံသို့ ၁၉၄၅ ခု ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လာသည်။ ဗမာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည ဖဆပလ အဖွဲ့ချုပ်ကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်သည်။ ဖဆပလ အဖွဲ့ချုပ်တွင် မြန်မာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ အရေးတော်ပုံပါတီ (ဆိုရှယ်လဝ်ပါတီ)၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ကျောရိုးမဏ္ဍိုင်ပြုထားသည်။ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း စသော တိုင်းရင်းသားများလည်း ပူးပေါင်းဆောင်ရွက်သည်။ မွန်တို့သည်လည်း အသင်းအဖွဲ့အနေနှင့် မဟုတ်သော်လည်း ပုဂ္ဂိုလ်အရ အဖွဲ့အသီးသီးတွင်လည်းကောင်း၊ ဖဆပလတွင်လည်းကောင်း၊ ဝင်ရောက်ဆောင်ရွက်သည်။
ဗြိတိသျှ အုပ်ချုပ်ရေး ရောက်ပြီးနောက် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်၏ ရန်ကုန်ရှိ အမှုဆောင်ဟောင်းများ ပြန်လည်လှုပ်ရှားလာသည်။ ဥက္ကဋ္ဌ ဦးဘသော် ကျန်းမာရေး မကောင်၍လည်းကောင်း၊ ဒု ဥက္ကဋ္ဌ ဦးဘသိန်းသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လည်းကောင်း ရန်ကုန်သို့ ပြန်မရောက်နိုင်သေးသဖြင့် ဦးချစ်သောင်း ပင် ယာယီ ဥက္ကဋ္ဌ လုပ်ပြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ယာယီအားဖြင့် ဦးလွန်းဖေ က တာဝန်ယူဆောင်ရွက်သည်။ ယာယီထိန်းသိမ်းရေး အမှုဆောင်မှာ မွန်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင်၊ နိုင်ထွန်းသိန်း နှင့် နိုင်ငွေသိမ်း တို့ဖြစ်သည်။ ဦးလွန်းဖေသည် အလုပ်တာဝန်အရ နယ်ပြောင်းရသဖြင့် အကျိုးဆောင်အတွင်းရေးမှူး နေရာမှ နှုတ်ထွက်သွားသည်။ ၎င်းနေရာကို နိုင်ထွန်းသိန်းက တာဝန်ယူသည်။ နိုင်ထွန်းသိန်း လည်း မွန်ဒေသရှိ စာသင်ကျောင်းများ စောလျင်စွာ ဖွင့်နိုင်ရေးအတွက် အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ကျိုက္ခမီ ပညာအုပ် ရာထူး လက်ခံပြီး မော်လမြိုင်သို့ ပြောင်းရွေ့သွားသဖြင့် လစ်လပ်သွားသော အကျိုးဆောင်အတွင်းရေးမှူး နေရာကို နိုင်ငွေသိမ်းက ဆက်လက်ဆောင်ရွက်သည်။ စစ်မဖြစ်မီက ထုတ်ဝေခဲ့သော မွန်ဘူလက်တင်ကို ပြန်လည်ထုတ်ဝေသည်။ ဦးဘသိန်းမှာ ၁၉၄၇ ခု နှစ်ဆန်းတွင်မှ ပြန်ရောက်ပြီး ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။
မွန်တိုင်းရင်းသား အစည်းအရုံး
၁၉၄၅ ခုနှစ် နိုင်ဝင်ဘာလ ၉ ရက်နေ့တွင် မွန်ဦးဖိုးချို ခေါင်းဆောင်သော မွန်လူကြီးများသည် ဗဟန်း ရေတာရှည် မွန်ကျောင်းတွင် စုစည်းပြီး မွန်အမျိုးသားတို့အတွက် နိုင်ငံရေးအဖွဲ့အစည်း အမြန်လိုအပ်နေပြီ၊ မွန်နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြီး ဖဆပလနှင့် ပူးပေါင်း၍ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်မှသာလျှင် မြန်မာ့လွတ်လပ်ရေးရလျှင် မွန်အမျိုးသားအတွက် အခွင့်အရေးရမည်၊ ပုဂ္ဂိုလ်အရေးထက် အဖွဲ့အစည်းအားဖြင့် ဖွဲ့စည်းပြီးရေး အချိန်တန်ပြီဟု တင်ပြကြ၍ မွန်တိုင်းရင်းသားအစည်းအရုံး ဖွဲ့စည်းသည်၊ အစည်းအရုံး၏ ရည်ရွယ်ချက်မှာ မွန်တမျိုးသားလုံးနှင့်ပတ်သက်သော နိုင်ငံရေး၊ သာသနာရေး၊ နေရေးထိုင်ရေး၊ ပြုပြင်ရေးကိစ္စများ၊ ပြဿနာရပ်ရပ်တို့ကို တပ်ဦးအနေနှင့် ဆောင်ရွက်ရန် ဖြစ်သည်၊ အမှုဆောင်အဖွဲ့မှာ ဥက္ကဌ မွန်ဖိုးချို၊ အတွင်းရေးမှူး မွန်ဦးသန်း၊ ဘဏ္ဍာရေးမှူး နိုင်ကျော်လှ (မွန်သမားတော်)၊ စာရင်းစစ် ဦးအုံးဖေ (မိကလုံ) ဝါဒဖြန့်ချီရေးနှင့် စည်းရုံးရေး မွန်ထွန်းရင်နှင့် နိုင်ချမ်းမွန် ဖြစ်ပြီး အမှုဆောင်များမှာ ဦးမောင်ကြီး၊ ဦးစံညွန့်၊ ဦးရွှေကြိုင်၊ ဦးဘချစ် (မော်လမြိုင်)၊ ဦးဘသွင် (ကော့နှပ်)၊ မွန်ချစ်ဖေ၊ ဦးကျော်ဝင်း၊ ဦးထွန်းအောင်တို့ ဖြစ်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီး မွန်ဦးဖိုးချို၊ မွန်သန်းတို့ ဖဆပလအမှုဆောင်များ ဖြစ်လာကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးကို ဖဆပလ က အမျိုးသားနိုင်ငံရေးပါတီအဖွဲ့အစည်း မဟုတ်ဘဲ လူထုအဖွဲ့အစည်းနှင့် လက်ခံသည်။ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသားအစည်းအရုံး
မွန်တိုင်းရင်းသားအစည်းအရုံးကို ရာမညအဖွဲ့ချုပ်မှ အမှုဆောင်ဖြစ်သော မွန်ဖိုးချို၊ မွန်သန်းနှင့် မွန်ထွန်းရင်တို့သည် သီးခြားအဖွဲ့တခု တည်ထောင်ခြင်းနှင့် ပတ်သက်၍ ကျန်ရှိသော အမှုဆောင်အမှုဆောင်အဖွဲ့နှင့် သဘောကွဲလွဲကြသည်၊ ရာမညအဖွဲ့ချုပ်မှ တင်ပြသည်မှာ မွန်အမျိုးသားများ မကွဲပြားစေရန် အကယ်၍ မွန်ဖိုးချိုတို့ လူသိုက်သည် မွန်နိုင်ငံရေး အဖွဲ့အစည်းတခု လိုအပ်လျှင် ရာမညအဖွဲ့ အမှုဆောင်အနေဖြင့် အမှုဆောင်အစည်းအဝေးတွင် တင်ပြရန် တာဝန်ရှိသည်၊ သို့သော် မတင်ပြ၊ မညှိနှိုင်းဘဲ လုပ်သဖြင့် အသင်းကို ကွဲအောင် လုပ်သည်ဟု သဘောရသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလနှင့် ဆယ်သွယ်ရာ မွန်ဦးဖိုးချိုတို့ပြောသလို မွန်အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းအနေအဖြင့် ဖဆပလ အသိအမှတ်ပြု လက်ခံထားခြင်းမဟုတ်ဘဲ လူထုအဖွဲ့အနေနှင့် လက်ခံထားသည်ကို တွေ့ရှိရ၍ မွန်တိုင်းရင်းသား အစည်းအရုံးသည် မွန်အမျိုးသားတို့၏ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘဲ ရာမညအဖွဲ့ ကဲ့သို့ ယဉ်ကျေးမှုအသင်းသာ ဖြစ်၍ အဖွဲ့အစည်းသစ် မတည်ထောင်ဘဲ ရာမညအဖွဲ့ချုပ်အနေဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ရန် ရာမညအမှုဆောင်တွင် တင်ပြပါက ပိုမိုအဆင်ပြေနိုင်စရာ ရှိသည်၊ သို့သော် မွန်ဖိုးချိုတို့က လက်သိပ်ထိုး ဆောင်ရွက်သဖြင့် အဖွဲ့၏ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်သည်ဟု ရာမညအဖွဲ့ချုပ်မှ လက်ခံယုံကြည်သဖြင့် မွန်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင်တို့အား ရာမညအဖွဲ့ချုပ်မှ ထုတ်ပစ်ကြောင်း ကြေငြာသည်၊ ၎င်းကိစ္စနှင့် ပတ်သက်၍ မွန်ဖိုးချိုတို့က မကျေနပ်၍ ကန့်ကွက်သဖြင့် ရာမညအဖွဲ့ချုပ်၏ မွန်ဒေသလုံးဆိုင်ရာ ညီလာခံတွင် တင်ပြဆုံးဖြတ်ရန် ဆုံးဖြတ်ကြသည်။
မွန်ဒေသလုံးဆိုင်ရာ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ညီလာခံကို ၁၉၄၇ ခု နှစ်ဦးတွင် ကျင်းပရာ သထုံခရိုင်၊ မော်လမြိုင်မြို့နယ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံ၊ ရေး၊ ကျိုက်ခမီမြို့နယ်မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ပြီး သွေးဆေးကန်မွန်ကျောင်း တိုက်ကျောင်းသစ်တွင် ကျင်းပသည်။ အစည်းအဝေး သဘာပတိအဖြစ် ဦးဘသိန်းက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငွေသိမ်းက ဆောင်ရွက်သည်။
၎င်းညီလာခံတွင် ပထမနေ့တွင် မွန်ဦးဖိုးချိုတို့ကို ထုတ်ပစ်ခြင်းနှင့် ပတ်သက်၍ မွန်ဦးဖိုးချိုက အယူခံတင်သွင်းခဲ့ရာ ၎င်းအယူခံကို ကြွရောက်လာသော ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးသော်လည်း မပြေလည်၍ မဲပေးဆုံးဖြတ်ရာ မွန်ဦးဖိုးချိုတို့က ရှုံးနိမ့်သွားရာ ညီလာခံမှ ထွက်သွားကြသည်။
ညီလာခံ ဒုတိယနေ့တွင် အမှုဆောင်သစ် ရွေးကောက်ရာ ဥက္ကဋ္ဌ အဖြစ် ဦးဘသိန်း၊ အကျိုးဆောင် အတွင်းရေးမှူး နိုင်ငွေသိမ်း၊ တွဲဘက် နိုင်ပန်းလှ၊ အမှုဆောင်အဖြစ် ဆရာဦး၊ ဦးထွန်းမင်း၊ နိုင်ငွေခိုင်၊ ဦးမြတ်ထွန်း (သမဝါယမ) ၊ ဦးမောင်ကလေး စသောပုဂ္ဂိုလ်များ ပါဝင်သည်၊ တနင်္သာရီတိုင်းကို နိုင်လှမောင် (ကော့နှိပ်) နှင့် နိုင်ဘလွင် တို့က တာဝန်ယူဦးဆောင်ပြီး သထုံခရိုင်ကို ဦးယျ၊ နိုင်ထွန်းရင်၊ နိုင်ဘကြို၊ နိုင်သာဟန် တို့က တာဝန်ယူရန်နှင့် မော်လမြိုင်ခရိုင်ကို နိုင်သာနှင်း၊ မိဟံသာ၊ ဦးအုန်းဖေ၊ နိုင်စိန်ထွန်း (ဖဲကတာ) တို့က တာဝန်ယူရန် ညီလာခံကြီးက တာဝန်လွှဲအပ်ကြောင်း ဆုံးဖြတ်သည်။
အဆိုများမှာ -
(၁) မွန်ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်အတွက် မွန်ဘာသာဖြင့် မေးခွန်းထုတ်ပေးရန်၊
(၂) မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်ဘာသာကို တစ်ဘာသာအဖြစ် သင်ခွင့်ပြုရန်၊
(၃) မွန်ဘူလက်တင်အပြင် မွန်မူလတန်းအတွက် ဖတ်စာများ ထုတ်ရန် ၎င်းကိစ္စကို အရှင်ဝါယမအား တာဝန်လွှဲအပ်ရန် တို့ ဖြစ်သည်။
ထိုကာလတွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် မွန်အမျိုးသားလှုပ်ရှားမှုတွင် အင်အားအကြီးမားဆုံး သော အမျိုးသားအဖွဲ့အစည်း ဖြစ်သည်။
ရာမညအဖွဲ့ချုပ်သည် ညီလာခံပြီးနောက် အားသစ်လောင်းကာ မွန်ဒေသတွင် စာသင်ကျောင်းများ ဖွင့်လှစ်ရေး၊ မွန်ကလေးများအတွက် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း ဖတ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေရေးတို့ကို အပူတပြင်း ဆောင်ရွက်သည်။ ဆင်းရဲသော မွန်ကျောင်းသားများကိုလည်း ထောက်ပံ့သည်။ ဤလုပ်ငန်းကို ၁၉၆၂ ခုနှစ်အထိ မွန်ကျောင်းများအတွက် ဆောင်ရွက်သည်။
ယခင် ဒုတိယကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော မွန်ဘူလက်တင်လည်း ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းနှင့် မွန်အမျိုးသားတို့၏ လှုပ်ရှားမှုသတင်းကိုပါ ထည့်သွင်းပုံနှိပ်ထုတ်ဝေခဲ့သည်။ စစ်ကြောင့် ရှားပါးနေသော ဆေးဝါးများကိုလည်း ဥက္ကဋ္ဌ ဦးချစ်သောင်း က မိမိစရိတ်ဖြင့် ရှာဖွေဝယ်ယူပြီး မွန်ဆရာတော်များမှတဆင့် မွန်အမျိုးသားတို့ကို အခမဲ့ ဝေငှပေးခဲ့သည်။
မော်လမြိုင်၊ သထုံဘက်တွင် လူဦးရေ များပြားလာပြီး လယ်ယာလုပ်ငန်းအတွက် လယ်မြေ ရှားပါးလာသည်။ ပဲခူးဘက်တွင် ဒုတိယ ကမ္ဘာစစ် မတိုင်မီက အိန္ဒိယသားများ လုပ်သော လယ်ယာများသည် ဒုတိယကမ္ဘာစစ် ပြီးသော်လည်း အိန္ဒိယသားများ ပြန်လည်မလုပ်ကိုင်တော့သဖြင့် လယ်ယာများ ပေါများနေသည်။ ၎င်းလယ်ယာများကို လုပ်ကိုင်ရန် သထုံ - မော်လမြိုင်မှ မွန်များ ပြောင်းရွေ့နေထိုင်ရန် ရာမညအဖွဲ့မှ ပဲခူးအနီး ပဲခူး - သနပ္ပင် ကားလမ်းဘေးရှိ မြေယာပေါ်တွင် သက်ဆိုင်ရာများနှင့် ညှိနှိုင်းပြီး မွန်စံပြရွာတစ်ရွာ တည်ထောင်ပေးခဲ့သည်။ ၎င်းကျေးရွာ တည်ဆောက်ရာတွင် ရွာပန္နက်ရိုက်ခြင်း၊ ကျေးရွာဆေးပေးခန်း၊ စာသင်ကျောင်း၊ လူမှုရေးအရ လိုအပ်သောကိစ္စများကို ဆောင်ရွက်ပေးသဖြင့် ယခုအခါ မွန်စံပြံရွာသည် အတော်ကြီးပွားတိုးတက်နေလေပြီ။ ထိုရွာရှိခြင်းကြောင့် မွန်မြို့တော်ဟောင်း ဟံသာဝတီ (ပဲခူး)မြို့သို့ မွန်တို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုမြို့၌ ရှိသော မွန်သေးရှိသူများလည်း နောက်ထပ် ဝင်ရောက်လာသူများအား ကြိုဆိုသည့်အပြင် ပျောက်ကွယ်နေသော မွန်အမျိုးသား စိတ်ဓါတ်များ ပြန်လည်ပေါ်ပေါက်လာသည်။
ရာမညအဖွဲ့ချုပ်၏ ညီလာခံမှ ဆုံးဖြတ်ချက် (၁) ဖြစ်သော ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်များအား မွန်မေးခွန်းများ ထုတ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ ဘုရင်ခံ အတိုင်ပင်ခံအစိုးရလက်ထက်တွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်မှ ဆရာတော် ဦးဝါယမ၊ ဥက္ကဋ္ဌ ဦးချစ်သောင်း၊ အကျိုးဆောင်အတွင်းရေးမှူး နိုင်ငွေသိမ်း တို့သည် ပညာရေးဝန်ကြီး စောဘဦးကြီး နှင့် သွားရောက်တွေ့ဆုံ အရေးဆိုတင်ပြခဲ့သည်။ ဝန်ကြီး စောဘဦးကြီးက ပါဠိပထမပြန်ကော်မတီသည် မိမိဝန်ကြီးဌာနနှင့် သက်ဆိုင်သော်လည်း ၎င်းအဖွဲ့သည် ကင်းလွတ်ခွင့်ရရှိထားသောအဖွဲ့ ဖြစ်၍ မိမိမှ တိုက်ရိုက်အမိန့်ပေးခိုင်းနိုင်ခွင့် မရှိပါ။ သို့သော် ၎င်းအဖွဲ့၏ ဥက္ကဋ္ဌအား မိမိဖိတ်ခေါ်ပြီး မေတ္တာရပ်ခံပေးမည်ဟု ပြောပါသည်။ ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းမောင် ရောက်သောအခါ မွန်ဆရာတော် ဦးဝါယမ နှင့် ဥက္ကဋ္ဌ ဦးချစ်သောင်း တို့က ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်များသည် မွန်ဘာသာဖြင့် ဖြေဆိုခွင့် ရထားသော်လည်း မေးသောအမေးပုစ္ဆာမှာ မြန်မာဘာသာ ဖြစ်နေ၍ စာမေးပွဲ ဖြေဆိုသော မွန်သံဃာတော်များသည် အမေးပုစ္ဆာကို သဘောမပေါက်၍ မှားယွင်းဖြေဆိုခဲ့ခြင်းများ ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာဘာသာ မကျွမ်းကျင်၊ သဘောမပေါက်သော မွန်သံဃာတော်များအတွက် မေးခွန်းများကို မွန်ဘာသာဖြင့် မေးရန် မေတ္တာရပ်ခံကြောင်း ဦးသိမ်းမောင် အား တင်ပြကြပါသည်။ ဦးသိမ်းမောင် က ယခုအခါ မွန်ဘာသာဖြင့် မေးခွန်း ထုတ်ရန် အစိုးရပုံနှိပ်တိုက်တွင် မွန်ခဲစာလုံးများ မရှိ၍ မထုတ်နိုင်ကြောင်း ပြန်ကြားပါသည်။
ဝန်ကြီး စောဘဦးကြီးက ကြားဖြတ်၍ ဦးသိမ်းမောင် အား မေတ္တာရပ်ခံသည်။ အကယ်၍ ခဲစာလုံး မရှိလျှင် ဖယောင်းစက္ကူပေါ်တွင် ရေးပြီး စာကူးစက်ဖြင့် ထုတ်ပေးရန်ပြောသည်ကို ၎င်းကိစ္စနှင့်ပတ်သက်၍ ထပ်မံ မဖြေရှင်းတော့ဘဲ မွန်သံဃာတော်များတွင် မေးခွန်းထုတ်နိုင်သောပုဂ္ဂိုလ် ရှိပါသလား၊ ရှိလျှင် ၎င်းသံဃာတော်များသည် မေးခွန်း မပေါက်ကြားရန် တာဝန်ယူနိုင်မလား မေးရာ မွန်သံဃာတော်များသည် မြန်မာသံဃာတော်များနည်းတူ ရဟန်းသိက္ခာပိုမည် မထင်ကြောင်း တင်ပြရာ ဝန်ကြီး စောဘဦးကြီးက ကြားဖြတ်၍ မွန်သံဃာတော်များအတွက် မွန်ဘာသာဖြင့် မေးခွန်းထုတ်ပေးရန် ကြိုးစားပါမည့်အကြောင်း ဦးသိမ်းမောင်း အား ထပ်မံမေတ္တာရပ်ခံ၍ ဆွေးနွေးညှိနှိုင်းမှုကို ရုပ်သိမ်းလိုက်သည်။
မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၆)
မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့သမား လက်အောက်ရှိပြီးနောက် အင်္ဂလိပ်စာသည် အရေးပါသောစာပေ၊ မသင်မနေရသောစာပေ၊ အင်္ဂလိပ်စာ တတ်မှ အုပ်ချုပ်ရေးတွင် အရာထမ်း၊ အမှုထမ်းများ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အင်္ဂလိပ်ကုမ္ပဏီနှင့် ဆက်ဆံရာတွင် အင်္ဂလိပ်စာသည် မတတ်မဖြစ်သည့်စာပေ ဖြစ်လာသည်။ မြန်မာစာပေသည် မြန်မာပြည်တွင် အင်္ဂလိပ်စာပေလောက် အရေးပါသော စာပေ မဟုတ်တော့ပေ၊ မြန်မာစာတတ်လျှင် အမြင့်ဆုံး တိုင်းရင်းသား ဘာသာ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ကျောင်းဆရာနှင့် မြေတိုင်းစာရေးလောက်သာ ဖြစ်နိုင်သော အခြေအနေ ရှိသည်။ ထိုကြောင့် မြန်မာစာသင်ကြားလိုသူများ လျော့နည်းလာပြီး၊ မိမိတို့အသက်ရှင်ရေးအတွက် ကျွန်ပညာ ဟု ခေါ်သော ရာထူး၊ ရာခံရရှိရေးအတွက် အင်္ဂလိပ်စာကို သင်ကြားရသဖြင့် မျက်နှာငယ်လျှက် ရှိသည်၊ ပျောက်ပျက်သွားမည်ကို မျိုးချစ်ပညာတတ်များ၊ မြန်မာများက စိုးရိမ်လာကြသည်၊ စာပျောက်လျှင် လူမျိုးပျောက်မည်ကို သမိုင်းအရ သိကြရ၍၊ မြန်မာစာ၊ စကားကို ထိန်းသိမ်းရန်အတွက် ဒို့ဗမာအစည်းအရုံးက အမျိုးဘာသာစာပေ ရှင်သန်တိုးတက်ရန်အတွက် -
(၁) မြန်မာလူမျိုးသည် - တို့လူမျိုး
(၂) မြန်မာစာသည် - တို့စာ
(၃) မြန်မာစကားသည် - တို့စကား
တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကားကို ပြောကြပါ ဟု ကြွေးကြော်လှုံ့ဆော်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးဝင်များ ရှေ့တွင် မိမိတို့သည် ကျွန်မဟုတ်၊ သခင်လူမျိုးဖြစ်ကြောင်း သိကြရန်၊ မိမိတို့နာမည်ရှေ့တွင် သခင်တပ် ခေါ်ကြသည်၊ တပ်ခေါ်ရန်လည်း လှုံ့ဆော်ခဲ့သည်။
ဒို့ဗမာအစည်းအရုံး၏ အမျိုးသားကြွေးကြော်သံဂယက်သည် မွန်အမျိုးသားတို့ထံသို့ ရိုက်ခတ်လာပြီး မွန်အများအတွက် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရန် အဖွဲ့အစည်းတရပ် လိုလာသည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ ယုံကြည်သည့်အလျောက် မွန်ရဟန်းတော်များနှင့် ပညာတတ် မွန်အမျိုးသား၊ မျိုးချစ်များ စုပေါင်းပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ကို ၁၉၃၉ -ခုနှစ် သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့ပေါ်ရှိ မွန်သံဃာတော်များ၊ မွန်ပုဂ္ဂိုလ်များအား ပင့်ဖိတ်၍ ဖွဲ့စည်းသည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်
ရာမညတိုင်းလုံးဆိုင်ရာအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး၊ ဥက္ကဌအဖြစ် ဦးကျန် (ပဲခူး) ရိက္ခာတော်ရ၊ ဒု-ဥက္ကဌများအဖြစ် ဦးဘသော် ရိက္ခာတော်ရ (ပဲခူး)၊ ဦးဘသိန်း (ရေး) ပါလီမန်အမတ်၊ ပါလီမန်အတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန ဖြစ်ပြီး၊ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဦးဒွေး (ပဲခူး) (ကျောင်းဆရာ)၊ ဆရာ ဦးချစ်သောင်း၊ ငွေထိန်း (ဓါတုဗေဒမင်းကြီး)၊ ဦးမောင်ကလေး (မွန်ခရစ်ယာန်အသင်း)၊ မွန်ဦးဘိုးချို စသောပုဂ္ဂိုလ်များ ပါဝင်ကြပြီး၊ မွန်သံဃာတော်များမှာ အဖွဲ့ချုပ်၏ နာယကဆရာတော်များအဖြစ် ပါဝင်ကြသည်၊ ဦးကျန်သည် နာမကျန်းတော့၍ တနှစ်သာ တာဝန်ယူနိုင်ပြီး ၁၉၄၀ -ခုနှစ်တွင် အနားယူသည်၊ ၎င်းနေရာကို ဒု-ဥက္ကဌ ဦးဘဘော် ဆက်၍ တာဝန်ယူသည်။
ရာမညအဖွဲ့သည် မိမိတို့၏အမျိုးဘာသာစာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်း လုပ်ရာတွင် တခြားတိုင်းရင်းသားများနှင့် အထူးသဖြင့် မြန်မာများက သံသယ ကင်းစေရန် ရာမညအဖွဲ့ချုပ်သည် မည်သည့် ပါတီ နိုင်ငံရေးကိုမျှ မလုပ်ကြောင်း ကြေညာထားသည်၊ ထိုသို့ ကြေညာသည်မှာ အချို့မြန်မာများသည် မွန်တို့သည် နယ်ချဲ့သမားသဘောကျ လူမျိုးသွေးကွဲစေရန် မြှောက်ပင့်ပေးသည်ဟု စွပ်စွဲသောကြောင့် ဖြစ်သည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ ဖွဲ့စည်းအုပ်ပုံ ဥပဒေတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၁၇ တွင် “ဤရာမညအသင်းအမည်ဖြင့် မည်သူမျှ နိုင်ငံရေး မလုပ်ရ” ဟု ပြဌာန်းထားသည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ မွန်လူမျိုး ဟူသော ရှင်းလင်းချက်မှာ -
မွန်လူမျိုး ဆိုသည်မှာ မွန်လူမျိုးတို့မှ ဆင်းသက်သည်ဖြစ်စေ (သို့မဟုတ်) မွန်လူမျိုး၊ ဇာတိသွေး၊ အမိမှဖြစ်စေ၊ အဘမှဖြစ်စေ ပါ၍၊ မွန်စကားမပြောတတ်သော်လည်း မွန်လူမျိုးတို့အကျိုးကို သယ်ပိုးဆောင်ရွက်သော လူများကို ဆိုသည်။
ရည်ရွယ်ချက်။ ။ မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာ၊ သာသနာတို့ကို မတိမ်ကော၊ မပပျောက်စေဘဲ တိုးတက်ကြီးပွားရေးအတွက် ဆောင်ရွက်ရန် အဓိက ဖြစ်သည်။
ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် စကား၊ စာပေ ပျောက်လျှင် လူမျိုးပျောက်မည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ရှေးက ပျူလူမျိုး ရှိခဲ့သော်လည်း ပျူစာပေ၊ စကား ပျောက်သွားသဖြင့် ပျူလူမျိုးလည်း ပျောက်သွားခဲ့သည်၊ ထို့ကြောင့် အဖွဲချုပ်၏ကြွေးကြော်သံကို တို့ဗမာအစည်းအရုံးအား တုယူကာ -
မွန်လူမျိုးသည် - တို့လူမျိုး
မွန်စာသည် - တို့စာ
မွန်စကားသည် - တို့စကား
တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစာပါ၊ တို့စကားကို ပြောကြပါ၊ မွန်အမျိုးသားရှေ့တွင် တလိုင်း မဟုတ်ကြောင်း သိရန်နှင့် မွန်အမျိုးသားမှန်း သိအောင် မွန် တပ်ခေါ်ရန် လှုံ့ဆော်ခဲ့သည်။
မွန်လူမျိုး ရှေ့တွင် မွန်ထည့်ရခြင်း အကြောင်းအရင်းမှာ -
“မွန်အမျိုးသားများသည် မိမိတို့သည် ရာမညဒေသတွင် နေထိုင်သူများ ဖြစ်ပြီး မွန်လူမျိုး ဖြစ်သည်၊ သမိုင်းဆရာများ ရေးသားသော တလိုင်း မဟုတ်ပါ၊ တလိုင်း ဟူသော ဝေါဟာရမှာ မွန်ဘာသာအားဖြင့် မွန်တို့နားလည် သဘောပေါက်ခံယူထားသည်မှာ အမိမဲ့သား - မျိုးမစစ် ဖြစ်သသည်”။
၎င်းကိစ္စနှင့်ပတ်သက်၍ ၁၉၃၀ -ခုတွင် မြန်မာနိုင်ငံ၏ ခေတ္တဘုရင်ဖြစ်ခဲ့သူ မွန်အမျိုးသား ဆာ - ဂျေ အေမောင်ကြီးသည် တလိုင်းအစား မွန်ကို သုံးရန် ပြည်ထဲရေးဌာန ၂၉၊ ၇၊ ၃၀ နေ့စွဲပါ ဆာကြုလာအမှတ် ၁၄၇ / ဒီ - ၃၁ အရ အစိုးရဌာနများသို့ ညွန်းကြားစာ ထုတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်ထက်တွင်၎င်း၊ ဆာကြုလာကိုပင် ၁၅-၇-၄၇ နေ့စွဲဖြင့် အမှတ် ၅၉၊ အိတ်(ဖ်) -၄၇ (၁၇၁၃) အရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံညွန်ကြားခဲ့သည်။
ပဒေသရာဇ်ခေတ်တွင် စစ်ရှုံးခဲ့ပြီး ခေါင်းဆောင်မဲ့သောဘဝ ရောက်ရှိနေသော မွန်လူမျိုးတို့သည် မိမိတို့မျိုးရိုး ဇာတိကိုပင် မဖော်ပြောရဲသောကာလတွင် ရှိနေသည်။ အစိုးရအမှုထမ်းသော မွန်သည် မိမိကိုယ်ကို မွန် ဟု ပြောလျှင် ရာထူးတိုးတက်ရေးအတွက်၎င်း၊ တခြားလူမျိုးကိစ္စတွင်၎င်း၊ အနှိမ်ခံရမည်ကို ကြောက်၍ မွန် ဟု အမည်ခံလိုကြ၊ မခံရဲကြ၊ နာမည်ခံရဲလာအောင် သွေးသစ်လောင်းပေးခြင်း ဖြစ်သည်။
၁၉၃၀ -ခုနှစ် သန်းခေါင်စာရင်းတွင် မွန်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် မွန် (၃၃၆၇၂၈) ယောက်သာ ပါရှိသည်။ စင်စစ် ထိုလူဦးရေးသည် များစွာ လျှော့နည်းလျှက် ရှိသည်၊ သန်းခေါင်စရင်း ကောက်ယူရာတွင်၊ သန်းခေါင်စာရင်း ကောက်သူများသည်၊ မွန်ကို မြန်မာ ဟု ရေးသားခြင်း တခါတရံ မွန်- မြန်မာ အတူတူဘဲ၊ မြန်မာ ရေးလျှင်လည်း ပြီးတာဘဲ ဟု ယူဆကြသည်၊ မွန်အမျိုးသားများလည်း သန်းခေါင်စာရင်း ကောက်ရာတွင် မွန်လူမျိုးနေရာတွင် မိမိတို့ လူမျိုး၊ မွန် ထည့်သွင်းရမှန်း မသိခြင်း၊ သိသော်လည်း ပြောရန် ကြောက်ရွံ့နေခြင်းတို့ကြောင့် လျှော့နည်းနေသည်ဟု ယုံကြည်သည်။
ထို့ကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်က အထက်ပါကြွေးကြော်သံအရ အကောင်အထည် ဖော်ရန် လုပ်ဆောင်ကြသည်။ မွန်စာပေပြန့်ပွားရေးအတွက် မွန်ဘူလက်တင် (Mon Bulletin) ကို၊ မွန်-မြန်မာနှစ်ဘာသာဖြင့် လစဉ်မှန်မှန် ထုတ်ဝေဖြန့်ချီခဲ့သည်။
ဗြိတိသျှ နယ်ချဲ့သမားခေတ် မွန်အမျိုးသားတို့၏ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှု
ဗြိတိသျှ အစိုးရအောက်တွင် မွန်အများစုဖြစ်သော လယ်သမားတို့မှာ ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီကြီးများ၊ ၎င်းတို့၏လက်ဝေခံချစ်တီးနှင့် မြေပိုင်ရှင်ကြီးများ၏ ဖိနှိပ်မှုကို မြန်မာတိုင်းရင်းသားများ နည်းတူ ခံရသည်။ လယ်ပိုင်ရှင်သားများ၊ ကုန်သည်ပွဲစားသားများ၊ အမှုထမ်း၊ အရာထမ်းသားများသည် အင်္ဂလိပ်စာ သင်ကြားပြီး ဗြိတိသျှ အစိုးရ၏ အမှုထမ်း၊ အရာထမ်းများ ဖြစ်လာကြသည်။ ထိုသို့ ခေတ်ပညာတတ်သော လူငယ်များသည် ကျယ်ပြန့်သော ဗဟုသုတကို အင်္ဂလိပ်စာမှတဆင့် ရရှိလာကြသဖြင့် မိမိတို့ အမျိုးသားရေးလုပ်ငန်းများကို စတင်လုပ်လာကြသည်။ အထူးသဖြင့် စီးပွားရေး ကပ်ဆိုက်ရောက်သော ၁၉၃၀ ခုနှစ် နောက်ပိုင်းတွင် တခြားတိုင်းရင်းသားများ နည်းတူ မိမိတို့ အမျိုးသားရေးကို ပညာတတ် လူတန်းစားများက လှုပ်ရှားလာသည့်အတွက် ၁၉၃၉ ခုနှစ်တွင် ရာမညတိုင်းလုံးဆိုင်ရာ အဖွဲ့ချုပ် ပေါ်လာသည်။
ဗြိတိသျှခေတ်တွင် မွန်စာပေ သင်ကြားရေးနှင့် ပတ်သက်၍ (Culture Rights) ယဉ်ကျေးမှု အခွင့်အရေးကို ခွင့်ပြုသယောင်ယောင် ပြုခဲ့သည်။ ၎င်းမှာ မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်စာသင်လိုပါက မွန်စာကို သင်ခွင့်ပြုသည်။ ထိုကျောင်းကို မွန်စာရင်းဝင်ကျောင်း ဟု အသိအမှတ်ပြုသည်။ သို့သော် မွန်စာသင်ရန် သင်ရိုးညွှန်းတမ်း၊ မွန်ဆရာ၊ မွန်စာတတ်သူများကို မိမိတို့ဘာသာ ရေးဆွဲပြုစု ရေးသားရမည် ဖြစ်ပြီး စာသင်ချိန်မှာလည်း ကျောင်း၏ စာသင်ချိန်မှအပ ဖြစ်ရမည်။ ဆရာမှာလည်း မွန်စာတတ်သော ဆရာတစ်ဦးဦးက တာဝန်ယူ သင်ကြားပေးရန် ဖြစ်သည်။ မွန်စာသည် စာမေးပွဲ ဖြေဆိုရမည် မဟုတ်ဘဲ မိမိတို့လူမျိုးအတွက် မိမိတို့ဆန္ဒအရပင် ယူရသည့် အပိုဘာသာ ဖြစ်သည်။ မွန်စာရင်းဝင်ကျောင်းများကို ကြည့်ရှုကြပ်မတ်ရန် မွန်ပညာအုပ်တစ်ယောက် ခန့်ထားသော်လည်း မွန်ပညာအုပ်မှာ မွန်စာပေ သင်ကြာရေးကို ထိရောက်စွာ မဆောင်ရွက်နိုင်၊ မဆောင်ရွက်ခဲ့ချေ။ ထို့ကြောင့် ၎င်းမွန်စာရင်းဝင် ကျောင်းများ လျော့နည်းလာသည်။
သို့သော် မွန်လယ်သမား သားသမီးများသည် လယ်ယာလုပ်ငန်းများတွင် မိမိတို့အမျိုးသားအချင်းချင်း စုစည်းနေထိုင်ကြသဖြင့် မွန်စာပေ ပရိယတ္တိ သင်သော မွန်ဘုန်းကြီးကျောင်းများတွင် စာပေ ပရိယတ္တိကို သင်ကြားကြသဖြင့် မွန်စာပေသည် အသက်ရှင်လျှက် ရှိသည်။ မွန်ရဟန်းတော်များသည်လည်း မွန်စာပေဖြင့် ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုရသဖြင့် မွန်စာပေမှာ စုံးစုံး မမြုပ်ခဲ့ပေ။ မွန်ရဟန်းတော်တို့၏ စွမ်းဆောင်ချက်ကြောင့် ဖြစ်သည်ဟု လက်ခံရမည်ဖြစ်သည်။
မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၅)
ဗြိတိသျှနယ်ချဲ့သမားသည် ဧကရာဇ် မြန်မာနိုင်ငံအားလုံးကို၊ ၁၈၈၅ ခုနှစ်တွင် တိုက်ရိုက်သိမ်းပိုက်လိုက်သည်၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး ဗြိတိသျှ နယ်ချဲ့သမားလက်အောက်သို့ ရောက်ရှိသွားသည်၊ မွန်အမျိုးသားတို့သည် ပထမတွင် ပဒေရာဇ် ဖိနှိပ်ရေးအသွင်ထက် သာသော အရင်းရှင်နယ်ချဲ့ ဖိနှိပ်ရေးအသွင်အောက်တွင် သက်သာသလို ရှိသည်၊ ပဒေသရာဇ်ခေတ်၏ ဒဏ်ရာ ဒဏ်ချက်ကြောင့် မိမိလူမျိုးသည် မွန်လူမျိုးဟု ပြောရန်ပင် အများစုက ကြောက်ရွံ့နေကြသည်၊ မိမိမွန်စကားကို မိမိတို့ရပ်ရွာ မိသားစုများကြားတွင်သာ ပြောကြသည်။ မြို့ရွာများတွင်၎င်း၊ လူစုလူဝေးနေရာ များတွင်၎င်း ပြောဆိုရန် ဝန်လေးကြသည်၊ ကြောက်ရွံ့ကြသည်၊ စီးပွားရေးအရလည်း မွန်များသည် လယ်သမားများပီပီ၊ လယ်ယာလုပ်ငန်းကိုသာ လုပ်ကြသည်၊ အရင်းရှင်စနစ်အရ ပထမတွင် လွတ်လပ်စွာ ရောင်ဝယ်ရခြင်းကြောင့်၎င်း၊ အကျိုးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အရင်းရှင်စနစ်၏ ကျင့်သုံးချက်အတိုင်း ကုန်ကြမ်းကို ဈေးပေါပေါ ရရှိရန်၊ မြန်မာနိုင်ငံ ထွက်ကုန်ကြမ်းများ ဖြစ်သော ဆန်၊ စပါး၊ ရေနံ၊ သစ်၊ သတ္တုများကို ကုမ္မဏီကြီးများဖွင့်ကာ ဈေးနှိမ်ဝယ်ယူခဲ့သည်၊ အရင်းရှင်နိုင်ငံ ထွက်ပစ္စည်းများ၊ အင်္ဂလိပ် လုပ်ပစ္စည်း ကုန်ချောများကို အမြတ်များများ ရရန် ဈေးကြီးကြီးနှင့် ရောင်းသည်၊ မြန်မာနိုင်ငံအတွင်းသို့ အိန္ဒိယမှ မိမိတို့၏ လက်ဝေခံ ချစ်တီးများကို ခေါ်သွင်းလာပြီး လယ်သမားပေါ်တွင် သွေးစုတ်စေသည်၊ လယ်သမားများသည် ၎င်းစီးပွားရေးဒဏ်ကို ခံရသည်၊ မွန်တို့အများစုမှာ လယ်သမားဖြစ်၍ ၎င်းဒဏ်ကို ခံရသည်။
ဗြိတိသျှ နယ်ချဲ့အောက်သို့ မွန်ဒေသသည် ပထမဆုံးရောက်ရှိခဲ့သဖြင့် မွန်အချို့မှာ အရင်းရှင်ကိုယ်စားလှယ် အဖြစ် ကူးသန်းရောင်းဝယ်ရေးများ လုပ်လာကြသည်၊ ချမ်းသာသော လယ်သမားစုများမှ လယ်သမား သားသမီးများသည် ဗြိတိသျှဖွင့်လှစ်သော အင်္ဂလိပ်ကျောင်းများတွင် နေကြ၍ အင်္ဂလိပ်စာသည် အဓိက ဘာသာ ဖြစ်လာ၍ ၎င်းဘာသာကို တတ်ကြသည်၊ အများစုမှာ ဗြိတိသျှအစိုးထံတွင် အမှုထမ်းကြသည်၊ အင်္ဂလိပ်စာကို သင်ယူရ၍ ဗဟုသုတကြွယ်ဝလာပြီး နယ်ချဲ့ဗြိတိသျှဖိနှိပ်မှုကို သိသထက်သိလာ၍ နယ်ချဲ့သမားအား ဆန့်ကျင်ရန် တိုင်းရင်းသားများနှင့် ပူးတွဲ လုပ်ဆောင်လာကြသည်၊ ထိုသို့ လုပ်ဆောင်ရန် တာစူလှုပ်ရှားနေစဉ် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးသည် ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည်၊ အရင်းရှင်စနစ်၊ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး၊ လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ လူမျိုးတမျိုးနှင့်တမျိုး ဖိနှိပ်မူ ကင်းသော ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်၊ ၎င်းဂယက်သည် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်ခဲ့သဖြင့် လူမျိုးချင်း ဖိနှိပ်မှုကင်းသော လွတ်လပ်သော မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားဖြည့်ပေးခဲ့သည်။
မြန်မာနိုင်ငံသည် အမျိုးသားလှုပ်ရှားမှုအဖြစ် ၁၉၀၆ ခုနှစ်လောက်တွင် အမျိုးဘာသာ၊ သာသနာကို အရင်းခံသော ဝိုင်-အမ်-စီ-အေ (ခရစ်ယာန်ကလျာဏယုဝအသင်း) ကဲ့သို့သော ဝိုင်-အမ်-စီ-အေ (ဗုဒ္ဓကလျာဏယုဝအသင်း) ကို တည်ထောင်သည်၊ များမကြာမီ ဝိုင်-အမ်-စီ-အေ မျိုးချစ်ပုဂ္ဂိုလ်များသည် စုစည်း၍ ဂျီ-စီ-ဘီ-အေ ခေါ် မြန်မာအသင်းချုပ်ကို တည်ထောင်ပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို စတင်ထမ်းဆောင်လာသည်။
ထို ဂျီ-စီ-ဘီ-အေ အဖွဲ့ချုပ်တွင် ခေါင်းဆောင်အဖြစ် မွန်အမျိုးသားဖြစ်သော ဦးချစ်လှိုင်မှာ ထင်ရှားသော မျိုးချစ်ခေါင်းဆောင်တဦး ဖြစ်သည်၊ မွန်အမျိုးသားများသည်လည်း ဂျီ-စီ-ဘီ-အေ တွင် မြို့နယ်၊ တိုက်နယ် ကျေးရွာအလိုက် တာဝန်ယူခဲ့ကြသည်။
၁၉၂၀ ခုနှစ်တွင် သမိုင်းဝင် အမျိုးသားနေ့အဖြစ် တည်ရှိနေသော တက္ကသိုလ်ကျောင်းသားသပိတ်တွင်လည်း မွန်အမျိုးသားများသည် တိုင်းရင်းသားများနှင့်အတူ ရှေ့တန်းမှ ပါဝင်ခဲ့သည်၊ ၎င်းတို့မှာ ဆရာကြီး ဦးသာဒင် (ပဲခူး)၊ ဦးလူဖေဝင်း၊ ဦးချစ်သောင်းတို့ ဖြစ်သည်။ မထင်ရှားသော မွန်အမျိုးသားသည် တက်ကြွစွာ ပါဝင် ခဲ့ကြသည်။
၁၉၃၀ ပြည့်နှစ်တွင် လယ်သမား သူပုန်ဆရာစံနှင့်အတူ မွန်လယ်သမားများလည်း နယ်ချဲ့ဗြိတိသျှတို့အား တိုက်ရိုက်ခဲ့သည်။ ၁၉၃၆ -၃၈ ခုနှစ်၌ ကျောင်းသားသပိတ်များတွင် မွန်များလည်း ပါဝင်ခဲ့ကြသည်၊ ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးတွင် မွန်အမျိုးသားများသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသောခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။
မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၄)
ပဒေသရာဇ်ခေတ်တွင်ပင် သမိုင်းအကြောင်းအရ ပြန်လည်လေ့လာလျှင် မွန်နှင့်မြန်မာတို့သည်၊ တဦးနှင့်တဦး အကျိုးကျေးဇူး တူညီ၍၊ တူညီသောသဘော မျှော်လင့်ချက်အရ ရှိလျှင် ပူးတွဲဆောင်ရွက်ကြသည်၊ ၎င်းနှင့်ပတ်သက်၍ -
“ရှေ့တွင် တောက်ပမျှော်လင့်ချက်ရှိလျှင် လူမျိုးကွဲပြားခြင်း စိတ်မရှိဘဲ၊ အတူပူးပေါင်းတိုက်ပွဲဝင်ကြသည်၊ သို့သော် တဦးအပေါ်တဦး သံသယ ဝင်လာလျှင်၊ မိမိတို့၏ အမျိုးသားဆီသို့ ပြန်သွားကြသည်။
အထက်ပါသဘောတရား မှန်ကန်ကြောင်းကို အောက်ပါသမိုင်းကြောင်းက အထောက်အကူပြုနေကြောင်း တွေ့ရသည်၊ ၎င်းမှာ- မွန်တို့ဌာနီ ဥဿာ(ပဲခူး) ကို ရှမ်းစစ်သည်တို့ ဝင်ရောက်နှောက်ယှက်သောအခါ၊ ဘုရင်အနော်ရထာသည် မွန်ဘုရင် မနူဟာထံ ကျန်စစ်သား၊ ညောင်းဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေးရူး စသော မြန်မာသူရဲကောင်းများနှင့် စစ်သည်များ ပေးပို့ကူညီခဲ့သည်၊ အကယ်၍ ရှမ်းစစ်သည်များ သုဝဏ္ဏဘူမိကို အောင်နိုင်လျှင်၊ အထက်မြန်မာပြည်ရှိ ပဒေသရာဇ်နိုင်ငံလည်း အတိုက်အခိုက်ခံရမည် ဖြစ်သောကြောင့် အကျိုးတူဆောင်ရွက်ရခြင်း ဖြစ်သည်။
မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင်၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်းထိုးသတ် အနိုင်ယူခဲ့သည်၊ ဂါမဏိ ကျ၍ တရားစစ်သည်တို့ ဆုတ်ခွာသွားသဖြင့် မြန်မာပဒေသရာဇ်နိုင်ငံသည် တရုတ်များ၏ ကျူးကျော်ခြင်း ဘေးမှ လွတ်ကင်းခဲ့သည်။
ဟံသာဝတီ၊ ဓမ္မစေတီမင်း (၁၄၇၈-၉၂) လက်ထက်၊ လက်ဖျံတလုံးတည်းဖြစ်သော မွန်သူရဲကောင်း မင်းညီတုံးသည် (၁၄၇၈) ခုတွင် ဟံသာဝတီမှ တရုတ်ပြည်ကျေးစပ်ဖြစ်သော ခန္တီးမြို့တိုင်အောင် ချီတက်သွားရောက်၍ မြေခြား မှတ်တိုင်စိုက်သည်၊ အပြန်တွင် အင်းဝမင်း မဟာသီဟသူရ၏ သားတော်များ ဦးစီးသောတပ်တို့က ဖမ်းမိသည်၊ ထိုအချိန်ကာလတွင် တရုတ်တပ်များ အင်းဝသို့ ကျူးကျော်လွန်လာပြီး စစ်ပြိုင်စီးချင်းထိုးရန် မဟာသီဟသူရထံ တောင်းဆိုသောအခါ ဖမ်းဆီးထားသော မွန်သူရဲကောင်း မင်းညီတုံးအား ယခင်ဘုရင်မင်းခေါင်းလက်ထက်၊ သမိန်ဗရမ်းအား တိုက်ခိုက်စေခဲ့၏၊ တရုတ်တို့ဘက်မှ စလုံကျော်ခေါင် ကျ၍ ခေါင်းဖြတ်ပြီး အနိုင်ယူခဲ့၏၊ စလုံကျော်ခေါင် ကျ၍ တရုတ်စစ်သည်များ ဆုတ်ခွာသွားကြ၏။
တပင်ရွှေထီးလက်ထက်တွင် မုတ္တမစား မွန်ပဒေသရာဇ်ကို တိုက်ခိုက်ရာ စောဗညားသည် ပေါ်တူဂီ ကြေးစား ပါအူလိုဆေအီဆက် (ခ) ခေါင်းဆောင်သော တပ်သားတရာကျော်နှင့် သင်္ဘောခုနှစ်စင်းအားကိုးဖြင့် ခုခံ၏၊ တပင်ရွှေထီး၏ လက်အောက်တွင်လည်း ဂျိုနိုဝါကာယေရိုးခေါ် ပေါ်တူဂီအကြီးအကဲနှင့် တပ်သားခုနှစ်ရာကျော် အမှုထမ်းနေကြသည်။
မုတ္တမစား စောဗညားသည် တပင်ရွှေထီးအား တိုက်ခိုက်ရာတွင် တပင်ရွှေထီးထံ ရှိသော ဂျိုနိုဝါကာယေးရိုးအား ဆွဲဆောင်ရန် စာတစ်စောင် ပေးပို့သည်ကို တပင်ရွှေထီးနှင့် တပင်ရွှေထီးထံ အမှုထမ်းနေသော မိဖရူးတို့ ကြားသိသည်၊ ယင်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့စား၊ မွန်မြို့စား ဗညားဦးကလည်း ကုလားပန်းသေးတို့ စကားကို နာနေသည်” ဟု တပင်ရွှေထီးအား အကြောင်းကြားသည်၊ စောဗညား၏ အကူအညီ တောင်းသည်ကိုလည်း မွန်မြို့စားချင်းဖြစ်သော်လည်း မပေးဘဲ နေသည်၊ ပေါ်တူဂီတို့ သစ္စာကို ခံလိုသော စောဗညားကို မွန်စစ်ခေါင်းဆောင် သမိန်ဖရူးက တိုက်ခိုက်နှိမ်နှင်းခဲ့သည်။
အထက်ပါ သမိုင်းကြောင်းများ တချို့သည် မွန်သဒေသရာဇ်နိုင်ငံသည်၎င်း၊ မြန်မာပဒေသရာဇ်နိုင်ငံ သည်ကို၎င်း၊ ပြည်ပကျူးကျော်သူများက လာရောက်တိုက်ခိုက်ပါက နှစ်ဦးနှစ်ဝ အကျိုးအတွက် ပူးတွဲ ကာကွယ်ခြင်း ပြုခဲ့သည်၊ မိမိတို့အမျိုးသားပင်ဖြစ်စေ၊ မိမိတို့၏ပဒေသရာဇ်နိုင်ငံ တည်ဆောက်ရေးထက် ပြည်ပနယ်ချဲ့သမားများကို အဓိက ရန်သူသတ်မှတ်၍ တိုက်ခိုက်တွန်းလှန်သည်ကို မြန်မာရာဇာဝင်သမိုင်းတွင် ပုဂံခေတ်၊ တောင်ငူခေတ်တွင် တွေ့ရသည်၊ ၎င်းကာလတွင် ဖြစ်ပွားသော ပဒေသရာဇ်အချင်းချင်း စစ်ဆင်တိုက်ခိုက်မှုကြောင့် အမျိုးသားများ တဦးနှင့်တဦး ဖိနှိပ်မှု သဏ္ဍာန်မှာ နည်းနေ၍ ဖြစ်သည်၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝမရှိသော်လည်း ပဏ္ဏာဆက်နိုင်ငံအဖြစ် ထားသည်၊ စာပေယဉ်ကျေးမှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်တည်း ဟူသော (Culture Rights) ယဉ်ကျေးမှု လုပ်ဆောင်ခွင့်များကို ပေးခဲ့သည်။
ကုန်ဘောင်ခေတ် ပဒေသရာဇ်စစ်ပွဲများတွင်၊ ယခင်ပုဂံခေတ်၊ တောင်ငူခေတ်ကဲ့သို့ မဟုတ်တော့ဘဲ၊ အမျိုးသားဖိနှိပ်ရေးအသွင်သို့ ပြောင်းလဲလာသဖြင့် မွန်တို့သည် မြန်မာနိုင်ငံတစ်ခုလုံး၏ အကျိုးစီးပွားထက်၊ မိမိအမျိုးသားစီးပွားရေးကိုသာ အာရုံစိုက်ဆောင်ရွက်နေသောဆန္ဒ ရှိလာသည်၊ ဤကဲ့သို့ ကွဲပြားလာမှုကို ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာနှင့်မွန်တို့အား မြှောက်ထိုးပင့်ကော် လက်နက်ခဲယမ်းမီးကျောက် ရောင်းချစီးပွားရှာရန် တိုက်ပေးခဲ့သည်၊ ၎င်းမသင့်မတင့်အပေါ် အခါအခွင့် ယူ၍ မြန်မာပြည်ကို စစ် ၃ ကြိမ်ပြု သိမ်းပိုက်ခဲ့သည်၊ ၎င်းစစ်ပွဲများတွင် မွန်တို့သည် ယခင်ကဲ့သို့ ဗြိတိသျှနယ်ချဲ့သမားများကို မြန်မာတို့နှင့် ပူးတွဲတိုက်ခိုက်ခြင်းများ အလွန်နည်းပါးခဲ့သည်၊ ထိုကြောင့် ဗြိတိသျှနယ်ချဲ့ သမားများသည် မြန်မာပြည်ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်၊။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ ဘဝရောက်သွားသောအခါ၊ မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံး နယ်ချဲ့ ဗြိတိသျှကျွန်ဖြစ်လာကြသောအခါ မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုများကို မိမိတို့ သဘောကျ မလုပ်နိုင်တော့သဖြင့် မိမိတို့ဆုံးရှုံးသွားသော လွတ်လပ်ခွင့်ကို ပြန်လိုကြသည်၊ ထိုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် တဦးနှင့်တဦး ပူးပေါင်း၍ လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို ဝင်ခဲ့ကြသည်။
ဤသို့ ရှေ့တွင် လွတ်လပ်ရေး ဟူသော တောက်ပကြည်လင်သော မျှော်လင့်ချက်ကြောင့် မွန်အမျိုးသား တို့သည် မိမိတို့၏ အမျိုးသားတံခွန်ကို မလွှင့်ထူတော့ဘဲ ကျရာတာဝန်ကို ယူ၍ တိုက်ပွဲဝင်ခဲ့ကြသည်၊ မြန်မာနိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်၊ ဂျီ-စီ-ဘီ-အေ ခေတ်တွင် ဦးချစ်လှိုင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် မြောက်မြားစွာ မွန်အမျိုးသားတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်၊ ကျောင်းသားသပိတ်၊ ဒို့ဗမာအစည်းအရုံး စသော အဖွဲ့အစည်းများတွင်၎င်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြသည်။
မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း (၃)
မြန်မာနိုင်ငံသမိုင်းကို ပြုစုသူများသည် အများအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးကို ပဒေသရာဇ်ခေတ်တွင် ၃ ကြိမ် ရရှိခဲ့သည်ဟု ယေဘူယျအားဖြင့် ရေးသားကြသည်၊
၎င်းတို့မှာ (၁) အနော်ရထာမင်းစော ၊ (၂) တပင်ရွှေထီး - ဘုရင့်နောင်နှင့် (၃) အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်များတွင် ဖြစ်သည်ဟု ဆိုကြသည်၊ သို့သော် နိုင်ငံရေးပါရဂူ အဆိုအရမူ - "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက်ခံရသောအမျိုးသာ၏၊ အမျိုးသားကိုယ်ပိုင်ပြဌာန်း ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်သိမ်းပြီး၊ ၎င်းနိုင်ငံတော် နယ်နိမိတ်ကို စစ်နိုင်ငံသော အမျိုးသားနိုင်ငံတော်နှင့် ပူးပေါင်းခြင်း ဖြစ်သည်။" အဆိုပါသဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည် မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်၊ စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာပြီး၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်ရန် အင်အားချိနဲ့သဖြင့်၊ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရသည်။ နယ်ချဲ့သမားအောက် ရောက်ရှိသူတို့က သာဓကပြလျှက် ရှိသည်။ အေဒီ - ၁၀၄၇ - ခုနှစ် အနော်ရထာမင်းလက်ထက်တွင် မွန်ပဒေရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်က တိုက်ခိုက်၍ နယ်နိမိတ်ချင်း ပူးပေါင်းခဲ့သည်။ ယင်းကာလတွင် မွန်စာဖြင့် ရေးသား ထားသော ထေရဝါဒဗုဒ္ဓဘာသာ ကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မွန်စာပေကို အသုံးပြုရသည်။ မွန်စာပေအရေးသားကို ဖိနှိပ်ချုပ်ချယ်မှုမရှိခဲ့ နိုင်ငံရေးသဘောဆိုလျှင် ယဉ်ကျေးမှု ပြဌာန်းခွင့်ရသည် ဆိုရပေမည်၊ သို့သော် နိုင်ငံရေး အုပ်ချုပ်ရေးကို ပြုလုပ်ခွင့် မရဖြင့်၎င်း၊ မွန်အမျိုးသားတို့၏ ခေါင်းဆောင် မွန်ပဒေသရာဇ် မရှိသည့်အတွက်၎င်း၊ မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ ပဏ္ဏာဆက်နိုင်ငံသား သို့မဟုတ် ကျေးကျွန်အဖြစ် တည်ရှိခဲ့သည်။ အေဒီ - ၁၅၃၉ - လက်ထက်တွင် တပင်ရွှေထီးက မွန်ပဒေသရာဇ်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ မွန်ပဒေသရာဇ်နိုင်ငံ (အောက်မြန်မာနိုင်ငံ) နှင့် မြန်မာပဒေသရာဇ်နိုင်ငံကို မွန်တို့ဆန္ဒမတူညီဘဲ စုစည်းခဲ့သည်၊ တပင်ရွှေထီး လွန်ပြီး ဘုရင့်နောင်သည် ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူပြီး စုစည်းသည်။ ၎င်းခေတ်တွင် မွန်များအား မွန်ဒေသတွင် မြို့စား၊ ရွာစား ခန့်ထားခြင်း၊ စစ်မှုထမ်းစေခြင်း၊ မှူးမတ်အဖြစ် ခန့်ထားခြင်း၊ မွန်စာပေ ယဉ်ကျေးမှုတွင် မွန်တို့ဆန္ဒအရ ပြုလုပ်ခွင့်ပေးခြင်း စသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy ) ကို ပေးခဲ့သည်ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်၊ သို့သော် မွန်အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် (Right of National Self-Determination) ကို မပေးခဲ့သဖြင့် မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ လက်အောက်ခံလူမျိုး ဖြစ်ပြီး မြန်မာပဒေသရာဇ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး စီမံချက်များကို မွန်တို့လက်ခံ ဆောင်ရွက်ရန်သာ ရှိသည်၊ ယင်းကိစ္စနှင့်ပက်သက်၍ မွန်တို့မှာ ဘာမှလုပ်ဆောင်ချက်မရှိ ဖြစ်သည်။ အေဒီ-၁၇၅၇-ခုနှစ်တွင် အလောင်းဘုရားသည် မွန်ပဒေသရာဇ်နိုင်ငံကို တိုက်ခိုက်ပြီး မွန်တို့ဆန္ဒမပါဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်နိုင်ငံနှင့်စုစည်းပြီး အမျိုးသားစည်းရုံးရေးကို တည်ဆောက်သည်ဟု မြန်မာပဒေသရာဇ် အလောင်းဘုရားက ဆိုသည်၊ သမိုင်းအရဆိုလျှင်အလောင်းဘုရားသည် လူမျိုးရေးအရ ဖိနှိပ်မှုများကို ယခင်ပဒေသရာဇ်များထက် ပြင်းထန်သည်ကို တွေ့ရသည်။
ယခင်ပုဂံခေတ် မြန်မာပဒေသရာဇ်များ တောင်ငူခေတ် တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့လက်ထက်တွင် မွန်တို့အား ပေးထားသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy) ကိုပင် မပေးတော့ဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံသည် မြန်မာပဒေသရာဇ် နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ လုံးလုံးလျားလျားအဖြစ် ရောက်သွားသည်၊ ထိုသို့သော ဖိနှိပ်မှုကြောင့် မြန်မာပြည်တွင် အဓိကတိုင်းရင်းသားများဖြစ်သော မွန်နှင့်မြန်မာသည် စိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ရှိသည် ဆိုသည်ဟု သမိုင်းသုတေသီတို့ ထင်သလို မဟုတ်ဘဲ၊ စိတ်ဝမ်းကွဲပြားလာခဲ့သည်၊ ၎င်းကို အချက်ယူပြီး နယ်ချဲ့သမား ဗြိသိသျှသည် မြန်မာပြည်ကို သိမ်းပိုက်နိုင်သည့် သာဓကမှာ အမည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။
မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း အခန်း(၂)
မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါမည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။
လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ ၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ခေတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။
အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွားသည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။ မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာပေသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေးသားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့် တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။
အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင် မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင် မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ - ၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး) မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေအရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာသည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည် ဟံသာဝ
တီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊ နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊ မြန်မာပဒေသရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း ၄၀ နီးပါး (၁၃၈၆ - ၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊ စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစု
တိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။
အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညားဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းစေသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။ စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော် မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ
(၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး အနိစ္စရောက်ပြီး အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းနေသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည် ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည် ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။
ဤသို့ ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညိုသည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉) လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး) ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍ ကျရောက် သွားသည်။ ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀) လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့ ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံ
ပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။
ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။
(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက် အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။)
(ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)
ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင် ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်းကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီးဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။
အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူမရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့် ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော် တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။
မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း အခန်း(၁)
မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။
၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား မပေါ်သေး။
ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။
(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုးတို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသားများနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။ ၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )
ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူးဆက်ဆံရသဖြင့် အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အတတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူအဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာသာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။
သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်
သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင် မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည် သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ -၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆိုပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း ရောက်ရှိခဲ့သည်။
မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။
မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏ အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊ (ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍ သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)
သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေအထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။
မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။
သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။
သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်းသားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။ မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာသွားခဲ့ရသည်။
မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့် “ဟံသာဝတီ ( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။
သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော် သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထားသည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။
သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက် များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။
အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အတိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ခေတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀ ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။
“A nation is a historically evolved stable Community of Language, Territory, Economic life and Psychological make up manifesto in a Community of culture.”
“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည် ( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောလူမျိုးဖြစ်ကြောင်းထင်ရှားသည်။
မွန်ရိုးရာမြေ၀ိုင်းအက
မွန်သမိုင်း
နောက်ခံသမိုင်း
ဦးငါးဦး
သာသနာအစသထုံက
မွန်စာပေ
မွန်အနုပညာယဉ်ကျေးမှု
မော်လမြိုင်က မြန်မာ့ဟန် မော်တော်ကား ...
အမိုးကိုလည်း သစ်သားနဲ့ပဲ မိုးထားပြီး အပေါ်ကမှ ရေလုံအောင် သွပ်ပြားနဲ့ ဖုံးထားပါတယ်။ မော်လမြိုင်မှာ ဒီနေ့အထိ ခရီးသည် အများဆုံး သယ်ယူပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကားပါ။ ရှေ့ခန်းက ယာဉ်မောင်းဘေးမှာ လူနှစ်ယောက် လွတ်လွတ်လပ်လပ် ထိုင်လို့ရပါတယ်။ နောက်ခန်းမှာတော့ ဘေးခုံတန်း တစ်ဘက်တစ်တန်းစီနဲ့ အလယ်ခုံ တစ်တန်းပါတယ်။ ခေါင်မိုးက နိမ့်တော့ ကားထဲဝင်ရင် နည်းနည်းကုန်းပြီးဝင်ရတာကလွဲရင် စီးရတာ တော်တော်အဆင်ပြေပါတယ်။ ရန်ကုန်က လိုင်းကားတွေလို မတ်တတ်ရပ်စရာ မလိုတော့ အိနြေ္ဒရတယ်လို့ထင်တယ်။ လူအရမ်းများရင်တော့ နောက်က တွယ်စီးရတာပေါ့လေ။ တွယ်စီးရတယ်ဆိုပေမဲ့ ရန်ကုန်က ဟိုင်းလတ်ကို တွယ်စီးရသလို လူတစ်ကိုယ်လုံး ထွက်မနေပဲ ခေါင်မိုးအောက်က မိုးလုံလေလုံ တွယ်ရတာမျိုးပါ။ ထူးခြားတာက ကားခေါင်းခန်း (ယာဉ်မောင်းဘေး) ကခုံမှာ အမျိုးသမီးတွေ စီးလေ့မရှိတာပါ။ (ရှေ့မှအကာမရှိတော့ လေတွေ ဒလဟောတိုက်တာကြောင့်လဲပါတယ်) ဒါကြောင့် ယောက်ျားလေးတွေ အနေနဲ့ ရှေ့ခန်းမှာ ရဟန်းသံဃာတွေမရှိရင် ခန့်ခန့်ကြီး ထိုင်စီးလေ့ရှိပါတယ်။
ကျိုက်မရောလမ်းက ထန်းပင်တန်း .....
ခေါင်းဆေးကျွန်း .....
မော်လမြိုင် တက္ကသိုလ် .....
တက္ကသိုလ် ဝင်းတစ်ခုလုံးမှာ သစ်ပင်တွေက သိပ်သိပ်သည်းသည်းနဲ့ ရှိနေတဲ့အတွက် အေးချမ်းသာယာလှပါတယ်။ တောင်ဝိုင်းရပ် ဆိုတာကလည်း မော်လမြိုင်မှာ ဒူးရင်း၊ ကျွဲကောစတဲ့ ဥယာဉ်ခြံတွေ အဓိက စိုက်ပျိုးတဲ့ ရပ်ကွက် ဖြစ်ပါတယ်။
ကျောင်းတက်တဲ့နေ့တွေတုန်းက အဓိပဓိလမ်း ဘေးက ရေတမာပင်တန်းမှာ လမ်းလျှောက်ရတာ၊ ခုံလေးတွေမှာ ထိုင်ရတာကို သတိရမိပါတယ်။ စမ်းချောင်းလေးဘေးနားက စန်းရောင်ရှိန်ရယ်၊ မိန်းပောက်ဝက ဝါးရုံပင်တွေနဲ့ လက္ဘက်ရည်ဆိုင်တွေမှာ ထိုင်ရတာလည်း မမေ့နိုင်စရာပါ။ ဟိုတစ်ချိန်တုန်းကတော့ ကျောင်းဝင်းထဲက မိန်းကလေးအဆောင်တွေမှာ အဆောင်သူတွေ နေရသလို ကျောင်းနဲ့ တောင်ဝိုင်း တောင်ညိုတောင်တန်းကြီး ကြားမှာ ယောက်ျားလေးတွေအတွက် ဆယ်မြို့နယ် အဆောင်တွေ ရှိပါတယ်။ တောင်ဝိုင်းဘုရားနဲ့လည်း နီးတာမို့ ကျောင်းကစုံတွဲတွေကတော့ မကြာခဏ ဘုရားဖူးသွားလေ့ ရှိကြပါတယ်။
ဇဝန(ရွှေမြိုင်)
သံလွင်တံတား (မော်လမြိုင်)
ဇဝန(ရွှေမြိုင်)
တိမ်မြုပ်ပျောက်ကွယ်နေသော ရွှေမောဓေါဘုရား ၏ သမိုင်းရာဇ၀င်(FOUNDATION MYTH)
ကျွန်တော် ရန်ကုန်-မန္တလေး ကို ရထားဖြင့် ခရီးနှင်တဲ့အခါတိုင်းမှာ ပဲခူးမြို့အ၀င် ရောက်တိုင်း ထိန်ညီးတောက်ပ မီးရောင်များနဲ့ အလွန်သပ္ပာယ် ရွှေမောဓေါစေတီတော်ကို အမြဲတမ်း ဖူးမျှော်ကြည်ညိုလေ့ရှိပါတယ်။ ကျွန်တော် လူမှန်းသူမှန်းမသိ အိပ်တတ်တဲ့အကျင့်ရှိပေမဲ့ ပဲခူးမြို့အ၀င်ရောက်တိုင်း ကျွန်တော်အမြဲတမ်း နိုးနေတတ်ပါတယ်။ ထိုစေတီတော်ကို လက်အုပ်ချီမိုးရှိခိုးသည့် အခါတိုင်းမှာ စေတီတော် ရဲ့ သမိုင်းကြောင်းကို သိချင်နေခဲ့ပါတယ်။ အခု စာမေးပွဲတွေပြီးလို့ computer မှာရှိတဲ့ history of mon ethnic ကို လှန်လှောဖတ်ရင်း ဒီအကြောင်းကို တွေ့လို ကျွန်တော်လို သိချင်တဲ့ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များအတွက် ရေးလိုက်တာပါ။
ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ) မြို့ ကျက်သရေဆောင် ရွှေမောဓေါဘုရားဟာ ပဲခူးနယ်တ၀ိုက်မှာ အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ထောင်စုနှစ်တစ်ခုအထိ သက်တမ်းကြာရင့်ခဲ့ပြီဖြစ်တဲ့အတွက် စေတီတော် တည်ထားကိုးကွယ်စဉ်တုန်းက ဒဏ္ဍာရီ(foundation myth) ဟာ တိမ်မြုပ်ပျောက်ကွယ်သွားပါပြီ။ ဒီဘုရားဟာ ပဲခူးဒေသရဲ့ ဘာသာရေး သက်တမ်းတစ်လျှောက်မှာ အဓိကကျတဲ့ သာသနိကအမွေနှစ်ဖြစ်နေပေမဲ့ စေတီတော်ရဲ့ မူရင်းသမိုင်းရာဇ၀င် (foundation myth) ပျောက်ကွယ်သွားတာဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ယနေ့ခေတ် ဘုရားသမိုင်းရာဇ၀င်က ဆံတော် နှစ်ဆူ ကို ဌာပနာ ထားပါတယ်လို့ဆိုပါတယ်။ တကယ့်မူရင်း က တော့ အံတော် ကို ဌာပနာ ထားဖြစ်ပါတယ်။
ယခုခေတ် ဘုရားသမိုင်းရာဇ၀င်ကတော့ ရွှေတိဂုံစေတီတော်သမိုင်းနဲ့ခပ်ဆင်ဆင်ပါဘဲ။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နဲ့ ဘလိက မဟုတ်ပါ)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါတယ်။ ဘုရားသမိုင်းဟာ အမျိုးမျိုးကွဲပြားနေကြပေမဲ့ အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ်(၁၆-၁၇ရာစု) ကို အခြေခံထားကြပါတယ်။ ဘိုးတော်ဘုရားလက်ထက်ကို အခြေခံထားတဲ့ဘုရားသမိုင်း မှာ ကုန်သည်ညီနောင်နှစ်ဦးဟာ မဟာသလ နဲ့ စူဠသလ (Maha-sala and Cula-sala) လို့ဖော်ပြထားပါတယ်။
မူရင်း သမိုင်းရာဇ၀င်( Foundation myth) ကတော့ ဟသာင်္ကုန်းဘက်ကိုထိုးဆင်းသွားတဲ့ အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့တဲ မွန် နဲ့ ပါဠိ ကျောက်စာမှာ ဖော်ပြထားပါတယ်။ အဲဒီကျောက်စာတွေဟာ ၁၅ ရာစုမှာ တချိန်တည်းရေးထိုးခဲ့ပါတယ်။ ဒါကို Donald M. Stadtner က သူ့ရဲ့စာတမ်းမှာ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါတယ်။ မွန်ကျောက်စာမှာ ဂ၀မ္ပတိ က ကုသိနာရုံ(Kusinagara) ကနေ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါတယ်။ အဲဒီ အံတော်ဟာ အလိုအလျောက် ၃၃ ဆူပွားလာခဲ့ပါတယ်။ သထုံဘုရင်ဟာ အဲဒီအံတော်တွေကို ဌာပနာပြီး စေတီ ၃၃ ဆူ တည်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ကို တည်ထားကိုးကွယ်ကြတယ် လို့ မွန် နဲ့ ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါတယ်။ အဲဒီ ၃၃ ဆူထဲက တစ်ဆူဟာ Madhava လို့ ပါဠိကျောက်စာမှာ ဖော်ပြထားပါတယ်။ အဲဒီကနေ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရပါတယ်။- နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြပါတယ်။ အဲဒီကနေတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာ ကနေ ရွှေမောဓေါလို့ အမည်တွင်လာခဲ့ပါတယ်။
ဖြည့်စွက်။ ကျွန်တော်သိခဲ့တဲ့ ပါးစပ်ရာဇ၀င်တစ်ခုကို ကြုံတုန်းဖောက်သည်ချချင်ပါရစေ။ အမှန်တကယ်ဆိုရသော် အခုကျွန်တော်ရေးမည့်အကြောင်းအရာသည် ကိုးကားချက်ကျမ်းတစ်စောင်ပေတဖွဲ့ မရှိတဲ့အတွက် ပါးစပ်ရာဇ၀င်ဟု ခေါင်းစဉ်တပ်လိုက်ရတာပါ။ အားလုံးမှန်သည်ဟု မဆိုချင်ပါသော်လည်း အားလုံးနီးပါးမှန်သည်ဟု ကျွန်တော်ဆိုလိုချင်ပါသည်။
မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓေါစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ရွှေမောဓေါစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ရွှေမောဓေါစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာေ၇ှးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဥာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။
လေးစားစွာဖြင့်
ကိုးကားချက်။ THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts
10-13 October 2007, Chulalongkorn University Bangkok Thailand
မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူးချိန်
မွန်နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ပေါင်းကူးချိန်သည် မွန်နှင့် ဗမာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့ပါသည်။
ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာ နိုင်ငံဖြစ်သော ဒွါရ၀တီနိုင်ငံ သည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်ပါသည်။ ထို့ပြင် မွန်တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေ အရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေပြီး။
ယဉ်ကျေးမှုသည် မြင့်ရာမှနိမ့်ရာသို့ စီမြဲဖြစ်သည့်အတိုင်း မွန်နှင့် ဗမာတို့ဆုံတွေ့ကြရာတွင် မြင့်မားသော မွန်ယဉ်ကျေးမှုသည် မြန်မာများထံသို့ ဒလဟောစီးသွားပေလိမ့်မည်။ လယ်ယာစိုက်ပျိုးရေးပညာ၊ လက်မှုပညာ၊ ဂီတအနုပညာ၊ ဘာသာအယူဝါဒများနှင့်တကွ ဘာသာစကား ဝေါဟာရများနှင့် စာပေ အရေးအသားများပါ မြန်မာများထံသို့ ကူးစီးသွားကြမည် ဖြစ်ပါသည်။
မွန်နှင့်ဗမာကို နှိုင်းယဉ်ရာ၌ ယဉ်ကျေးမှုအရာတွင် မွန်က ဗမာထက်အနည်းဆုံး အနှစ်တစ်ထောင် စောသည်ကို သတိပြုစေလိုပါသည်။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂)တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် ဗမာကျောက်စာပေါင်းချုပ် စာအုပ်ကိုတည်းဖြတ် ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။
ရှေးဗမာသမိုင်းပညာရှင် များသည် ဗမာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိခဲသည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်း အထောက်အထားများ အရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း ” ဗမာတို့ဆရာကား မွန်ဖြစ်သည်” ဆိုသည်မှာ ထင်ရှားလှပါသည်။
ဗမာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့် အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစတိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။ ထို့ကြောင့် ပျူတို့သည် မြန်မာတို့၏ ဒုတိယ ဆရာဖြစ်သည်။ သို့သော် ပျူယဉ်ကျေးမှုနှင့် ထိတွေ့သောအချိန်တွင် ဗမာတို့သည် မွန်ယဉ်ကျေးမှုတည်းဟူသော နို့ချိုအေးကို တ၀သောက်စို့ ခဲ့ရပြီးဖြစ်သည်။
မှတ်ချက် ။ ။ ကျနော် ဤမွန်-မြန်မာ စာပေယဉ်ကျေးမှုပေါင်းကူးချိန် ဆောင်းပါကို ဒေါက်တာမင်းတင်မွန် ရေးသားသော မွန် - မြန်မာ စာပေပေါင်းကူး စာအုပ်မှ တစ်ထပ်တည်းကူးယူ ကောင်နုတ်ထားပါသည်။
ဒီပိုစ့်ကို ကိုမော်စီဘလော့ မှကူးယူဖော်ပြသည်။
ကျိုက်သုတ်စေတီတော်
ကျိုက်သံလန်စေတီတော်လို့ အမည်တွင်လာပုံ

ကျိုက်သံလန်စေတီတော်ကို အဝေးတစ်နေရာမှ ဖူးမြော်ကြည်ညိုရပုံ
စေတီတော်သမိုင်းမှာ…
မော်လမြိုင်ရဲ့ ဒဏ္ဍာရီ
ဟိုးအရင်တချိန်တုန်းက…….
ယခု မော်လမြိုင်မြို့နေရာမှာ ဘုရင်တစ်ပါးအုပ်စိုးခဲ့ပါတယ်။ အဲဒီဘုရင်ဟာ သူတပါးနဲ့မတူဘဲ သူ့မှာ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နှဖူးအလယ်တည့်တည့်မှာ မျက်လုံးအပိုတစ်လုံး ရှိပါတယ်။ အဲဒီနှဖူးအလယ်က မျက်လုံးတန်ခိုးနဲ့ ဘုရင်ကြီးဟာ သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အကုန်သိနေတယ်ပေါ့လေ။
တနေ့သောအခါမှာ ယိုးဒယားရှမ်းတွေဟာ သူတို့နဲ့ စစ်မက်ပြုဖို့ရောက်လာကြပါတယ်။ မွန်လူမျိုးတွေဟာ ထိုင်းလူမျိုးတွေကို ရှမ်း လို့ခေါ်ကြပါတယ်။ ရှမ်းဘုရင်တပ်တွေရဲ့ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့ရဲ့ မျက်လုံးတန်းခိုးဖြင့် အကုန်လုံးမြင်နေရလေတော့ ရှမ်းတွေရဲ့ အစီအစဉ် အားလုံးကို ဖျက်ဆီးပစ်လိုက်တာပေါ့။ အဲဒါကြောင့် ရှမ်းတွေဟာ သူတို့တပ်တွင်းမှာ သစ္စာဖောက် ရှိတယ်လို့ယူဆလာကြတယ်။ အဲဒါနဲ့ ရှမ်းဘုရင်ဟာ သူ့ရဲ့မှူးမတ်တွေကို မေးမြန်တဲ့အခါမှာ အကြောင်းစုံကို သိရှိလာပါတော့တယ်။ ဒီလိုနဲ့ ရှမ်းတွေဟာ ပြဿနာကို ဖြေရှင်းရန်အတွက် ညီလာခံကျင်းပခဲ့ကြတယ်။ အဲဒီညီလာခံကနေပြီးတော့ သူတို့ဟာ မွန်ဘုရင်ရဲ့ တတိယမျက်လုံးကို ဖျက်စီးပစ်ဖို့အတွက် သူတို့ရဲ့သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှမ်းတွေဟာ သံအဖွဲ့စေလွှတ်ပြီး ဘုရင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် သမီးတော်ကို လာရောက်ဆက်သပါကြောင်း မြှောက်တော့တာပေါ့။ ဒါမျိုးကျတော့ ဘုရင်တွေလည်း ကျွန်တော်တို့လိုပဲဗျ။ ယောက်ျားကောင်း မောင်းမတစ်ထောင်ပေါ့ဗျာ ။ လာထား…. အဟီး။ ဟင့်အင်း ဆိုတဲ့စကားလုံးကို ယောင်လို့တောင်ပြောမထွက်ဘူး။ အဲဒီ မင်းသမီးရဲ့ လက်ချက်ကြောင့်ပဲ ဘုရင်ကြီးရဲ့တတိယမျက်လုံးဟာ ဖျက်ဆီးခြင်းခံလိုက်ရတယ်။ တိုင်းပြည်တ၀ှမ်းက ဘာတွေဖြစ်နေသလဲဆိုတာကို မြင်ရတဲ့ ဘုရင်ကြီးရဲ့ မျက်လုံးဟာလည်း မင်းသမီး ဘာလုပ်မယ်ဆိုတာကိုကျတော့ မမြင်တော့ဘူးဗျ။ အေးပေါ့လေ ဘုရင်ကြီးကလည်း ကျွန်တော်တို့်လိုပဲ ဘာကိုလျှောက်ကြည့်နေမှန်းမှမသိတာ အဟီး။ အဲဒီ မျက်လုံးတစ်လုံး ပျက်သွားတာကို အစွဲပြုပြီးတော့ ရှေးမွန်တွေက အဲဒီဘုရင်ကြီးအုပ်ချုပ်တဲ့မြို့ကို မွန်ဘာသာဖြင့် မတ်မွဲလီု လို့ခေါ်ဆိုကြလာတာ ယခုတိုင်ပါပဲ။ မတ်- ဆိုတာက မျက်လုံးပါ၊ မွဲ-ဆိုတာက တစ်၊ လီု-ဆိုတာကတော့ ပျက်းစီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မတ်မွဲလီု ရဲ့မွန်လိုအသံထွက်ကတော့ မွတ်မော်လုံမ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြားသော တိုင်းရင်းသားတွေက တုပခေါ်ဝေါ်ပြောဆိုလာတဲ့အခါ မတ်မွဲလီု ကနေ မော်လမြိုင် ဖြစ်လာတာပါ။ မယုံတဲ့လူ လက်တွေ့စမ်းလိုသပဆိုရင် မွတ်မော်လုံမ် ဆိုပြီးတော့ အခေါက်တစ်ရာလောက် ရွတ်ကြည့်ရင် မော်လမြိုင်ဆိုတဲ့ အသံကို ရလာမှာပါ။
မှတ်ချက်။ အေဒီ ၁၂၈၁-၁၇၅၇ မှာ ဒုတိယ ဟံသာဝတီနိုင်ငံရဲ့ မြို့ ၉၉ မြို့မှာ မော်လမြိုင်မြို့လည်းပါဝင်ပါတယ်။ အဲဒါကြောင့် မော်လမြိုင်ဟာ အေဒီ ၁၂၈၁ ထက်စောပြီး ပေါ်ပေါက်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။ (မွန်တို့ဌာနေရာမညနှင့်သူ၏မြို့ပြများဆောင်းပါးကို ကိုးကားထားပါတယ်)
မော်လမြိုင်မြို့အကြောင်းကို ဝေေ၀ဆာဆာဖတ်ရှုချင်ပါက ဟောဒီမှာ နှိပ်လိုက်ရုံဘဲဗျာ
လေးစားစွာဖြင့်