Saturday, December 3, 2011

ကျိုက်မရောလမ်းက ထန်းပင်တန်း .....


     မော်လမြိုင်မြို့ကနေ ကျိုက်မရောမြို့ကို သွားတဲ့ လမ်းမှာ လမ်းဘေးတဘက်တချက် တန်းစီပြီး စိုက်ထားတဲ့ ထန်းပင်တန်းပါ။    ကားလမ်းဘေး တလျှောက် တစ်မျှော်တစ်ခေါ်ကြီး တန်းစီနေတဲ့ ထန်းပင်တန်းကြီးဟာ မော်လမြိုင်ရဲ့ ပြယုဂ် တစ်ခု ဆိုရင်လည်း မမှားပါဘူး။ မော်လမြိုင် နဲ့ ကျိုက်မရောမြို့က ၁၂ မိုင်လောက်ဝေးပါတယ်။ ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့ သွားလေ့ရှိကြ ပါတယ်။
            

                  အဲဒီ ကားလမ်းဘေးက ထန်းပင်တန်းကြီးကို လူတစ်ယောက်က စိုက်ပျိုးပြုစု ထားခဲ့တာလို့ ကြားဖူးပါတယ်။ ထန်းပင်ဆိုတာ အလွန်သက်တမ်းရှည်တဲ့ သစ်ပင်မျိုးဖြစ်လို့ ကိုယ်ကျိုးတစ်ခုမှ မမျှော်ကိုးပဲ အများကောင်းကျိုးအတွက် အပင်ပန်းခံပြီး စိုက်ပျိုးသွားတဲ့ သူကို အရမ်းလေးစားပါတယ်။ သာဓုလည်း ခေါ်မိပါတယ်။ (ထန်းပင်တန်းရဲ့ ရာဇဝင်ကို သိတဲ့သူများရှိရင် ကွန်မင့်ပေးခဲ့ စေလိုပါတယ်)
              လမ်းတစ်လျှောက် အရိပ်ရစေတဲ့အပြင် အဲဒီ ထန်းပင်တွေ လမ်းပုခုံးပေါ်မှာ ရှိနေတဲ့ အတွက် လမ်းမကြီးကို ရာသီဥတုဒါဏ်ကနေ ကာကွယ်ပေး ထားပါတယ်။ ဒီ့အပြင် ထန်းပင်တွေက ထန်းလုပ်သား အများအပြားရဲ့ မှီခိုရာလည်းဖြစ်ပါတယ်။ ကားလမ်းဘေးတစ်လျှောက်မှာဆိုရင် ထန်းလျက်ချက်တဲ့ တဲလေးတွေနဲ့ ထန်းရည်ရောင်းတဲ့ တဲလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ 
             ကျနော်တို့ ကာလသားဘဝက မကြာခဏ ပင်ကျရေသောက်ဖို့ ရောက်ခဲ့ကြပါတယ်။ ကားလမ်းဘေးက လယ်ကွင်းထဲမှာ ထန်းလက်ကိုခင်းထိုင်ပြီး သူငယ်ချင်းတွေနဲ့ ထန်းရေသောက်ရတဲ့ အရသာကို ဘယ်တော့မှမမေ့နိုင်ပါဘူး။ အခုထက်ထိ အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ မော်လမြိုင် ပြန်ရောက်လာတဲ့အခါ သွားဖြစ်နေတဲ့ နေရာလေးပါ။      ။

                                                                   

No comments:

Post a Comment