Showing posts with label ဇဝန(ရွှေမြိုင်). Show all posts
Showing posts with label ဇဝန(ရွှေမြိုင်). Show all posts

Saturday, December 3, 2011

မော်လမြိုင်က မြန်မာ့ဟန် မော်တော်ကား ...

   
ကျနော်တို့ မော်လမြိုင်မြို့က အခြားမြို့တွေနဲ့ မတူ တမူထူးတဲ့ ဘတ်စ်ကားပါ။ ခောတ်ဟောင်းက ကုန်တင်တဲ့  Chevrolet  ကားတွေကို  Modified လုပ်ထားတာပါ။ ဘော်ဒီတစ်ခုလုံးကို သစ်သားတွေနဲ့ လုပ်ထားတာကိုက မြန်မာ့လက်ရာပါ။
   
အမိုးကိုလည်း သစ်သားနဲ့ပဲ  မိုးထားပြီး အပေါ်ကမှ  ရေလုံအောင် သွပ်ပြားနဲ့ ဖုံးထားပါတယ်။ မော်လမြိုင်မှာ ဒီနေ့အထိ ခရီးသည် အများဆုံး သယ်ယူပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကားပါ။ ရှေ့ခန်းက ယာဉ်မောင်းဘေးမှာ လူနှစ်ယောက် လွတ်လွတ်လပ်လပ် ထိုင်လို့ရပါတယ်။ နောက်ခန်းမှာတော့ ဘေးခုံတန်း တစ်ဘက်တစ်တန်းစီနဲ့ အလယ်ခုံ တစ်တန်းပါတယ်။ ခေါင်မိုးက နိမ့်တော့ ကားထဲဝင်ရင် နည်းနည်းကုန်းပြီးဝင်ရတာကလွဲရင် စီးရတာ တော်တော်အဆင်ပြေပါတယ်။ ရန်ကုန်က လိုင်းကားတွေလို မတ်တတ်ရပ်စရာ မလိုတော့ အိနြေ္ဒရတယ်လို့ထင်တယ်။ လူအရမ်းများရင်တော့ နောက်က တွယ်စီးရတာပေါ့လေ။ တွယ်စီးရတယ်ဆိုပေမဲ့ ရန်ကုန်က ဟိုင်းလတ်ကို တွယ်စီးရသလို လူတစ်ကိုယ်လုံး ထွက်မနေပဲ ခေါင်မိုးအောက်က မိုးလုံလေလုံ တွယ်ရတာမျိုးပါ။ ထူးခြားတာက ကားခေါင်းခန်း (ယာဉ်မောင်းဘေး) ကခုံမှာ အမျိုးသမီးတွေ စီးလေ့မရှိတာပါ။ (ရှေ့မှအကာမရှိတော့ လေတွေ ဒလဟောတိုက်တာကြောင့်လဲပါတယ်)  ဒါကြောင့် ယောက်ျားလေးတွေ အနေနဲ့ ရှေ့ခန်းမှာ ရဟန်းသံဃာတွေမရှိရင် ခန့်ခန့်ကြီး ထိုင်စီးလေ့ရှိပါတယ်။ 
       ကားတစ်စီးလုံး လေဝင်လေထွက်ကောင်းတာကြောင့် ဒီကားစီးနေကျ လူတွေက တခြားကားကို သိပ်မစီးချင်ကြဘူး။ ကျနော့်မေမေတို့လို လူကြီးတွေဆို ရန်ကုန်တို့ဘာတို့လို ခရီးဝေးသွားရင် မှန်လုံကားတွေ စီးရမှာ တော်တော်ကြောက်ကြတယ်။ လေတဖြူးဖြူးနဲ့ စီးရတဲ့ ဘတ်စ်ကားကို စီးတာ အကျင့်ဖြစ်နေပြီလေ။   
     နောက်ထူးခြားတာတစ်ခုက ယာဉ်မောင်းတွေ ကားမောင်းတဲ့ပုံစံပါ။ ဒီကားတွေက အင်ဂျင်ကလည်းကြီး စက်တွေကလည်းဟောင်းလှပြီဆိုတော့ ဆီတော်တော်စားပါတယ်။ မော်လမြိုင်ဆိုတာကလည်း ကုန်းတက် ကုန်းဆင်းတွေ အရမ်းများတဲ့မြို့ဆိုတော့ ယာဉ်မောင်းတွေဟာ ကုန်းဆင်းတိုင်းမှာ စက်ကိုသတ်ပြီး မောင်းဆင်းလေ့ ရှိပါတယ်။ သူတို့စကားအရ ဖရီးရိုက်တယ်ပေါ့။
   အခုခောတ်မှာ နိုင်ငံခြားကားသင်္ချိုင်းတွေက သယ်လာတဲ့ ပစ္စည်းတွေနဲ့ ဒီကဘော်ဒီ ကောက်ထုပြီး အခွံစွပ်ထားတဲ့ မြန်မာဂျစ်တို့ ဘာတို့မပေါ်ခင် ရာစုဝက်လောက်ကတည်းက တီထွင်ဖန်တီးခဲ့တဲ့ ကျနော်တို့မြို့က ဘတ်စ်ကားတွေဟာ အများကြီး ခေတ်ရှေ့ပြေးတဲ့ အပြင် မြန်မာ့ဟန် အပြည့်ရှိတယ်လို့ အမြဲဂုဏ်ယူနေမိပါတယ်။      ။

ကျိုက်မရောလမ်းက ထန်းပင်တန်း .....


     မော်လမြိုင်မြို့ကနေ ကျိုက်မရောမြို့ကို သွားတဲ့ လမ်းမှာ လမ်းဘေးတဘက်တချက် တန်းစီပြီး စိုက်ထားတဲ့ ထန်းပင်တန်းပါ။    ကားလမ်းဘေး တလျှောက် တစ်မျှော်တစ်ခေါ်ကြီး တန်းစီနေတဲ့ ထန်းပင်တန်းကြီးဟာ မော်လမြိုင်ရဲ့ ပြယုဂ် တစ်ခု ဆိုရင်လည်း မမှားပါဘူး။ မော်လမြိုင် နဲ့ ကျိုက်မရောမြို့က ၁၂ မိုင်လောက်ဝေးပါတယ်။ ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့ သွားလေ့ရှိကြ ပါတယ်။
            

                  အဲဒီ ကားလမ်းဘေးက ထန်းပင်တန်းကြီးကို လူတစ်ယောက်က စိုက်ပျိုးပြုစု ထားခဲ့တာလို့ ကြားဖူးပါတယ်။ ထန်းပင်ဆိုတာ အလွန်သက်တမ်းရှည်တဲ့ သစ်ပင်မျိုးဖြစ်လို့ ကိုယ်ကျိုးတစ်ခုမှ မမျှော်ကိုးပဲ အများကောင်းကျိုးအတွက် အပင်ပန်းခံပြီး စိုက်ပျိုးသွားတဲ့ သူကို အရမ်းလေးစားပါတယ်။ သာဓုလည်း ခေါ်မိပါတယ်။ (ထန်းပင်တန်းရဲ့ ရာဇဝင်ကို သိတဲ့သူများရှိရင် ကွန်မင့်ပေးခဲ့ စေလိုပါတယ်)
              လမ်းတစ်လျှောက် အရိပ်ရစေတဲ့အပြင် အဲဒီ ထန်းပင်တွေ လမ်းပုခုံးပေါ်မှာ ရှိနေတဲ့ အတွက် လမ်းမကြီးကို ရာသီဥတုဒါဏ်ကနေ ကာကွယ်ပေး ထားပါတယ်။ ဒီ့အပြင် ထန်းပင်တွေက ထန်းလုပ်သား အများအပြားရဲ့ မှီခိုရာလည်းဖြစ်ပါတယ်။ ကားလမ်းဘေးတစ်လျှောက်မှာဆိုရင် ထန်းလျက်ချက်တဲ့ တဲလေးတွေနဲ့ ထန်းရည်ရောင်းတဲ့ တဲလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ 
             ကျနော်တို့ ကာလသားဘဝက မကြာခဏ ပင်ကျရေသောက်ဖို့ ရောက်ခဲ့ကြပါတယ်။ ကားလမ်းဘေးက လယ်ကွင်းထဲမှာ ထန်းလက်ကိုခင်းထိုင်ပြီး သူငယ်ချင်းတွေနဲ့ ထန်းရေသောက်ရတဲ့ အရသာကို ဘယ်တော့မှမမေ့နိုင်ပါဘူး။ အခုထက်ထိ အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ မော်လမြိုင် ပြန်ရောက်လာတဲ့အခါ သွားဖြစ်နေတဲ့ နေရာလေးပါ။      ။

                                                                   

ခေါင်းဆေးကျွန်း .....


        မော်လမြိုင်မြို့ကို သွားရင် သံလွင်မြစ်ထဲမှာ မြင်ရတဲ့ ကျွန်းလေးက   ခေါင်းဆေးကျွန်း (Shampoo Island) ပါ။ မော်လမြိုင် တစ်ဘက်ကမ်း မုတ္တမနဲ့ မော်လမြိုင်ရဲ့ ကြားမှာရှိတယ်။
ကျွန်းလေးက တစ်ဧကလောက်ပဲ ကျယ်မယ်လို့ ထင်ပါတယ်။ ကျွန်းပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ စေတီပုထိုးလေးတွေ ရှိပါတယ်။
ထင်ရှားတဲ့ စေတီကတော့ ဆံတော်ရှင်စေတီပါ။ အင်းဝခေတ်က နှစ်စဉ်ခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြတဲ့အခါ ဒီကျွန်းပေါ်က စမ်းရေနဲ့ ခေါင်းဆေးလေ့ ရှိတဲ့ အတွက် ခေါင်းဆေးကျွန်းလို့ အမည်တွင်နေတာ ဖြစ်ပါတယ်။  ကျနော်ငယ်စဉ်က ကြီးဒေါ်များ ယတြာချေတဲ့ အနေနဲ့ ခေါင်းလျှော်ရင် ခေါင်းဆေးကျွန်းကို သွားကြတာ တွေ့ဖူးပါတယ်။
     မော်လမြိုင်ကနေ ပဲ့ချိတ် (စက်တပ်လှေ) နဲ့ ကူးသွားလို့ ရပါတယ်။ အရမ်းကို တိတ်ဆိတ်အေးချမ်းပြီး သာယာတဲ့ နေရာလေးတစ်ခုပါ။ ခေါင်းဆေးကျွန်းနဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့သားတွေ ပြောလေ့ရှိကြတာကတော့ အဲဒီကျွန်းဟာ သံလွင်မြစ်ရေ ဘယ်လောက်တက်တက် မမြုပ်ဘူးဆိုတာပါပဲ။ ကျွန်းက မြစ်ရေမျက်နှာပြင်ထက် အများကြီး မြင့်တက်နေတာလည်း မဟုတ်ပဲနဲ့ မြစ်ရေတက်လို့ မော်လမြိုင်က အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေပေမဲ့ ခေါင်းဆေးကျွန်းက မမြုပ်သွားတာ ထူးဆန်းနေတယ်။   ကျွန်းပတ်လည်မှာ ငါးများကိုဇဝန(ရွှေမြိုင်) ဘေးမဲ့ ပေးတဲ့အနေနဲ့ ငါးမဖမ်းရလို့ ရေးထားတာ တွေ့ခဲ့ရ ဖူးပါတယ်။  ကျွန်းပေါ်မှာလည်း တောတိရစ္ဆာန်ငယ်များကို မွေးထားတာတွေ့ရပါတယ်။ ရေလည်ခေါင်က ပန်းခြံလေး တစ်ခုလို ဖြစ်နေပါတယ်။
           မော်လမြိုင်ကို အလည်လာတဲ့ ဧည့်သည်တွေအတွက် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ ကျွန်းလေး ပါပဲ။