အမိုးကိုလည်း သစ်သားနဲ့ပဲ မိုးထားပြီး အပေါ်ကမှ ရေလုံအောင် သွပ်ပြားနဲ့ ဖုံးထားပါတယ်။ မော်လမြိုင်မှာ ဒီနေ့အထိ ခရီးသည် အများဆုံး သယ်ယူပို့ဆောင်ပေးနေတဲ့ ဘတ်စ်ကားပါ။ ရှေ့ခန်းက ယာဉ်မောင်းဘေးမှာ လူနှစ်ယောက် လွတ်လွတ်လပ်လပ် ထိုင်လို့ရပါတယ်။ နောက်ခန်းမှာတော့ ဘေးခုံတန်း တစ်ဘက်တစ်တန်းစီနဲ့ အလယ်ခုံ တစ်တန်းပါတယ်။ ခေါင်မိုးက နိမ့်တော့ ကားထဲဝင်ရင် နည်းနည်းကုန်းပြီးဝင်ရတာကလွဲရင် စီးရတာ တော်တော်အဆင်ပြေပါတယ်။ ရန်ကုန်က လိုင်းကားတွေလို မတ်တတ်ရပ်စရာ မလိုတော့ အိနြေ္ဒရတယ်လို့ထင်တယ်။ လူအရမ်းများရင်တော့ နောက်က တွယ်စီးရတာပေါ့လေ။ တွယ်စီးရတယ်ဆိုပေမဲ့ ရန်ကုန်က ဟိုင်းလတ်ကို တွယ်စီးရသလို လူတစ်ကိုယ်လုံး ထွက်မနေပဲ ခေါင်မိုးအောက်က မိုးလုံလေလုံ တွယ်ရတာမျိုးပါ။ ထူးခြားတာက ကားခေါင်းခန်း (ယာဉ်မောင်းဘေး) ကခုံမှာ အမျိုးသမီးတွေ စီးလေ့မရှိတာပါ။ (ရှေ့မှအကာမရှိတော့ လေတွေ ဒလဟောတိုက်တာကြောင့်လဲပါတယ်) ဒါကြောင့် ယောက်ျားလေးတွေ အနေနဲ့ ရှေ့ခန်းမှာ ရဟန်းသံဃာတွေမရှိရင် ခန့်ခန့်ကြီး ထိုင်စီးလေ့ရှိပါတယ်။
ကားတစ်စီးလုံး လေဝင်လေထွက်ကောင်းတာကြောင့် ဒီကားစီးနေကျ လူတွေက တခြားကားကို သိပ်မစီးချင်ကြဘူး။ ကျနော့်မေမေတို့လို လူကြီးတွေဆို ရန်ကုန်တို့ဘာတို့လို ခရီးဝေးသွားရင် မှန်လုံကားတွေ စီးရမှာ တော်တော်ကြောက်ကြတယ်။ လေတဖြူးဖြူးနဲ့ စီးရတဲ့ ဘတ်စ်ကားကို စီးတာ အကျင့်ဖြစ်နေပြီလေ။
နောက်ထူးခြားတာတစ်ခုက ယာဉ်မောင်းတွေ ကားမောင်းတဲ့ပုံစံပါ။ ဒီကားတွေက အင်ဂျင်ကလည်းကြီး စက်တွေကလည်းဟောင်းလှပြီဆိုတော့ ဆီတော်တော်စားပါတယ်။ မော်လမြိုင်ဆိုတာကလည်း ကုန်းတက် ကုန်းဆင်းတွေ အရမ်းများတဲ့မြို့ဆိုတော့ ယာဉ်မောင်းတွေဟာ ကုန်းဆင်းတိုင်းမှာ စက်ကိုသတ်ပြီး မောင်းဆင်းလေ့ ရှိပါတယ်။ သူတို့စကားအရ ဖရီးရိုက်တယ်ပေါ့။
အခုခောတ်မှာ နိုင်ငံခြားကားသင်္ချိုင်းတွေက သယ်လာတဲ့ ပစ္စည်းတွေနဲ့ ဒီကဘော်ဒီ ကောက်ထုပြီး အခွံစွပ်ထားတဲ့ မြန်မာဂျစ်တို့ ဘာတို့မပေါ်ခင် ရာစုဝက်လောက်ကတည်းက တီထွင်ဖန်တီးခဲ့တဲ့ ကျနော်တို့မြို့က ဘတ်စ်ကားတွေဟာ အများကြီး ခေတ်ရှေ့ပြေးတဲ့ အပြင် မြန်မာ့ဟန် အပြည့်ရှိတယ်လို့ အမြဲဂုဏ်ယူနေမိပါတယ်။ ။

No comments:
Post a Comment