သံလွင်တံတား (မော်လမြိုင်)ဟာ တစ်ချိန်က
ရန်ကုန်-မော်လမြိုင် ကားလမ်း၊ရထားလမ်း တွေရဲ့ အဆုံးသတ်ဖြစ်ခဲ့တဲ့ မုတ္တမနဲ့ သံလွင်မြစ် တဘက်ကမ်းက မော်လမြိုင်ကို ဆက်သွယ်ထား ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အရှည်ဆုံး တံတားကြီးပါ။ ကားလမ်း၊ရထားလမ်း နဲ့ လူသွားလမ်းပါ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။
၁၈.၃.၂၀၀၀ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၁၈.၄.၂၀၀၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ကားလမ်းအကျယ် ၂၈ - ပေ၊ ရထားလမ်းအကျယ် ၁၄ - ပေနဲ့ တစ်ဘက်တစ်ချက်မှာ ၆ - ပေစီကျယ်တဲ့ လူသွားလမ်း နှစ်ခုပါဝင်ပါတယ်။
ကားလမ်းရဲ့ မော်လမြိုင်ဘက် ချဉ်းကပ်လမ်း အရှည် ၁၆၂၄ - ပေ၊ မုတ္တမဘက် ချဉ်းကပ်လမ်း အရှည် ၂၂၅၂ - ပေ၊ ပင်မတံတား အရှည် ၇၆၉၉ - ပေနဲ့ စုစုပေါင်းတံတားအရှည်က ၂.၂ - မိုင်ရှိပါတယ်။
ရထားလမ်းရဲ့မော်လမြိုင်ဘက် ချဉ်းကပ်လမ်း အရှည် ၆၄၄၂ - ပေ၊ မုတ္တမဘက် ချဉ်းကပ်လမ်း အရှည် ၇၄၉၈ - ပေ၊ ပင်မတံတား အရှည် ၇၆၉၉ - ပေနဲ့ စုစုပေါင်းတံတားအရှည်က ၄.၁ - မိုင်ရှိပါတယ်။
ဒီတံတားကြီး မရှိခင်က ရန်ကုန်ကလာတဲ့ ကားလမ်း၊ ရထားလမ်းဟာ မုတ္တမမှာ လမ်းဆုံးတာမို့ သံလွင်မြစ်ကို သင်္ဘောနဲ့ ဖြတ်ရပါတယ်။ အခုတော့ တံတားပေါ်ကနေ အချိန်တိုတိုနဲ့ ဖြတ်သန်းနိုင်တာမို့ အဆင်ပြေလှပါတယ်။
ဇဝန(ရွှေမြိုင်)
No comments:
Post a Comment