Saturday, December 3, 2011

ခေါင်းဆေးကျွန်း .....


        မော်လမြိုင်မြို့ကို သွားရင် သံလွင်မြစ်ထဲမှာ မြင်ရတဲ့ ကျွန်းလေးက   ခေါင်းဆေးကျွန်း (Shampoo Island) ပါ။ မော်လမြိုင် တစ်ဘက်ကမ်း မုတ္တမနဲ့ မော်လမြိုင်ရဲ့ ကြားမှာရှိတယ်။
ကျွန်းလေးက တစ်ဧကလောက်ပဲ ကျယ်မယ်လို့ ထင်ပါတယ်။ ကျွန်းပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ စေတီပုထိုးလေးတွေ ရှိပါတယ်။
ထင်ရှားတဲ့ စေတီကတော့ ဆံတော်ရှင်စေတီပါ။ အင်းဝခေတ်က နှစ်စဉ်ခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြတဲ့အခါ ဒီကျွန်းပေါ်က စမ်းရေနဲ့ ခေါင်းဆေးလေ့ ရှိတဲ့ အတွက် ခေါင်းဆေးကျွန်းလို့ အမည်တွင်နေတာ ဖြစ်ပါတယ်။  ကျနော်ငယ်စဉ်က ကြီးဒေါ်များ ယတြာချေတဲ့ အနေနဲ့ ခေါင်းလျှော်ရင် ခေါင်းဆေးကျွန်းကို သွားကြတာ တွေ့ဖူးပါတယ်။
     မော်လမြိုင်ကနေ ပဲ့ချိတ် (စက်တပ်လှေ) နဲ့ ကူးသွားလို့ ရပါတယ်။ အရမ်းကို တိတ်ဆိတ်အေးချမ်းပြီး သာယာတဲ့ နေရာလေးတစ်ခုပါ။ ခေါင်းဆေးကျွန်းနဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့သားတွေ ပြောလေ့ရှိကြတာကတော့ အဲဒီကျွန်းဟာ သံလွင်မြစ်ရေ ဘယ်လောက်တက်တက် မမြုပ်ဘူးဆိုတာပါပဲ။ ကျွန်းက မြစ်ရေမျက်နှာပြင်ထက် အများကြီး မြင့်တက်နေတာလည်း မဟုတ်ပဲနဲ့ မြစ်ရေတက်လို့ မော်လမြိုင်က အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေပေမဲ့ ခေါင်းဆေးကျွန်းက မမြုပ်သွားတာ ထူးဆန်းနေတယ်။   ကျွန်းပတ်လည်မှာ ငါးများကိုဇဝန(ရွှေမြိုင်) ဘေးမဲ့ ပေးတဲ့အနေနဲ့ ငါးမဖမ်းရလို့ ရေးထားတာ တွေ့ခဲ့ရ ဖူးပါတယ်။  ကျွန်းပေါ်မှာလည်း တောတိရစ္ဆာန်ငယ်များကို မွေးထားတာတွေ့ရပါတယ်။ ရေလည်ခေါင်က ပန်းခြံလေး တစ်ခုလို ဖြစ်နေပါတယ်။
           မော်လမြိုင်ကို အလည်လာတဲ့ ဧည့်သည်တွေအတွက် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ ကျွန်းလေး ပါပဲ။

No comments:

Post a Comment