ဓူဝံစာပေမှ ဦးဝင်းချိုက
မော်လမြိုင်မြို့တွင် ကျင်းပသော စာပေဟောပြောပွဲသို့ တက်ရောက် ဟောပြောပေးရန်
ဒီဇင်ဘာလဆန်းတွင် အကြောင်းကြားလာပါသည်။ ဘယ်သူခေါ်ခေါ် ငြင်းလေ့မရှိသော
ကျွန်တော်က အလွယ်တကူပင် ခေါင်းညိတ် လိုက်ပါသည်။
ဦးဝင်းချိုက ဆက်ပြောသည်။ စာရေးဆရာတွေ
အများကြီးပါမှာတဲ့။ ဘယ်သူတွေ၊ ဘယ်သူတွေနဲ့ မတွဲချင်ဘူးလဲတဲ့။ သူများတွေတော့
မသိပါ၊ ကျွန်တော်ကတော့ ဘယ်သူနဲ့မှ တွဲချင်သည်၊ ဘယ်သူနှင့်ဆို
မတွဲချင်ဘူးဆိုတာ မရှိပါ။ လူတိုင်းနှင့် တွဲနိုင်ပါသည်ဟုသာ
ပြန်ဖြေလိုက်ပါသည်။ ဟုတ်ကဲ့... ချိတ်ချိတ်ချင်းသာ ချိတ်လို့ရပါသည်။
ကျွန်တော်က ချိတ်မဟုတ်ပါ။ (အလွန်ဆုံးမှ ပင်အပ်သာ ဖြစ်ပါလိမ့်မည်။)
သည်တော့ ဦးဝင်းချိုက
ဆရာမမြနှောင်းညိုနှင့်တွဲရန် ပြောပါသည်။ ဆရာမမြနှောင်းညိုနှင့် အတူ
မဟောဖူးသော်လည်း အေးချမ်းသော ဆရာမကို ကျွန်တော်ခင်မင်ရင်းစွဲရှိနှင့်ပြီး
ဖြစ်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၃၀ ရက်ဆို ရပါတယ် ဦးဝင်းချိုဟု ကျွန်တော်
ပြောလိုက်ပါသည်။
ဦးဝင်းချိုက ထိုစာပေဟောပြောပွဲကို
အကြီးအကျယ် ကျင်းပမည့်အကြောင်း ပြောသေးသော်လည်း စိတ်ထဲတွင်
ခပ်ပေါ့ပေါ့သာပင်။ သွားနေကျ စာပေဟောပြောပွဲတွေထဲက တစ်ပွဲဟုသာ
တွေးထားလိုက်မိပါသည်။ စာအုပ်ဈေးပွဲတော်ပါ တွဲဖက် ကျင်းပမည့် အကြောင်းလည်း
ပြောသည်။ ကျွန်တော့်စာအုပ်တိုက်က ထုတ်သော စာအုပ်တွေပါ ဓူဝံစာအုပ်တိုက်က
ရောင်းချပေးမည့် အကြောင်း ပြောသည်။ အကျိုးအမြတ် မယူပါဟုလည်း ဆိုသည်။
သည်အထိလည်း ကျွန်တော်မရိပ်မိသေး။
နောက်ကျတော့ ဆရာမဂျူးလည်း
ကျွန်တော်နှင့်အတူ ဟောပြောမည် ဖြစ်ကြောင်း ပြောလာပြန်ပါသည်။ မူလက ဒီဇင်ဘာ
၂၈ ရက်နေ့တွင် ဆရာမဂျူး ဟောပြောရန် စီစဉ်ထားသော်လည်း
အကြောင်းကြောင်းကြောင့် ၃၀ ရက်နေ့တွင်မှ ဆရာမက လိုက်ပါနိုင်မည့်အတွက်ဟု
ဆိုသည်။ ဒါလည်း ပြဿနာမရှိပါ။ ဆရာမဂျူးနှင့်လည်း ခင်မင်ရင်းစွဲ
ရှိပြီးဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဦးလေးတာ (ဆရာကိုတာ)၏
ဖိတ်ကြားချက်ဖြင့် ဦးလေးတာ၏ ပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းမှ ၀န်ထမ်းများအား
ချောင်းသာတွင် အတူဟောပြောပေးခဲ့ကြဖူးပြီးလည်း ဖြစ်သည်။
သည်လိုနှင့် ကျွန်တော်တို့ကို မော်လမြိုင်
အရောက် ပို့ဆောင်ပေးမည့် ကားဆရာကို ကျွန်တော့်အိမ် လိုက်ပြသည်။
ကျွန်တော့်ကို အရင်လာကြိုမည်။ ပြီးလျှင် ဆရာမမြနှောင်းညိုကို သွားကြိုပြီး
မော်လမြိုင်သို့ ထွက်ခွာရန် ဖြစ်သည်။ ဆရာမဂျူးက သူ့မိတ်ဆွေများနှင့်အတူ
သတ်သတ်လိုက်လာမည်ဟု သိထားပါသည်။ ကျွန်တော်က ကျွန်တော့်အိမ်သူကိုပါ
ခေါ်လို့ရမလားဆိုသောအခါ ခေါ်နိုင်ပါသတဲ့။ သူလည်း ထုတ်ဝေသူပဲဆိုတော့
စာပေနယ်ထဲမှဟု ကြံဖန်ပြောလျှင် ရနိုင်သည် မဟုတ် တုံလော။
(သို့သော်ထိုရက်ကျမှ သားတော်မောင်က နေပြည်တော်သို့ သွားလိုက်ပြန်သေးရာ
အိမ်မှာ အိမ်စောင့်မကျန်သဖြင့် ကျွန်တော့်ဇနီး မလိုက်နိုင်တော့ပါ။)
သည်လိုနှင့် ဒီဇင်ဘာ ၂၉ ရက် သို့
ရောက်လာသည်။ ညနေစောင်းသည့်တိုင် ကျွန်တော့်ကို ဦးဝင်းချို ဖုန်းမဆက်။
ကားဆရာက မနက်ဖြန် မနက် ၅း၃၀ မှာ ကျွန်တော့်အိမ် ရောက်လာတော့မည်။
ဆရာမမြနှောင်းညို၏ အိမ်ကိုကျွန်တော်မသိ။ ဖုန်းနံပါတ်လည်း မသိ။ ကားဆရာလည်း
မသိဟု သိထားသည်။
နေ၀င်ချိန်တွင် ကျွန်တော် မနေနိုင်တော့။
ဦးဝင်းချိုဖုန်းကို ကျွန်တော် ကောက်လှည့်သည်။ ဆက်သွယ်မှုဧရိယာပြင်ပနှင့်
တွေ့နေသည်။ သူ့စာအုပ်တိုက်ကို ဆက်သွယ်သည်။ တွေ့သူကို အကျိုးအကြောင်း
ပြောပြသည်။ သည်လိုနှင့် ဆရာမ မြနှောင်းညို၏ ဖုန်းနံပါတ်ကို ရသည်။
ကျွန်တော်ပဲ ဆက်လိုက်ပါသည်။ အမျိုးသားတစ်ဦးက
ဖုန်းကိုင်သည်။ဆရာမမြနှောင်းညို နေမကောင်းသဖြင့် အိပ်နေကြောင်း ပြောသည်။
ကျွန်တော် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် ကိစ္စအတွက် ဆက်ကြောင်း
ပြောလိုက်သောအခါ ဖုန်းဖြေသူက ဆရာမ နေမကောင်းသဖြင့် မော်လမြိုင်သို့
မလိုက်နိုင်တော့ကြောင်း ဖြေကြားပါသည်။
ကျွန်တော့်မှာ ဖုန်းတွေဝီခေါ်အောင် ဆက်ရပြီ။ ဒါဆို ကားတစ်စီးလုံးက ချောင်နေသည်။ ဆရာမဂျူး က အဖော်တွေနှင့်မို့ လိုင်းကားနှင့် လိုက်မည်ဟု သိထားရရာ သူတို့ကို ထိုကားနှင့်တင်ခေါ်သွားဖို့ စိတ်ကူးရပြီး ဆရာမဂျူးထံ ဆက်သွယ်လိုက်သေးသည်။

ဇာတ်ပေါင်းသော် ၃၀ ရက်နေ့မနက်တွင်
ဆရာမဂျူး၊ ကံ့ကော်ဝတ်ရည်စာပေမှ ဒေါ်ဝိုင်းနှင့် ကျွန်တော်တို့ သုံးဦးသား
၁၉၉၀ ပြည့်နှစ်ထုတ် ဆန်နီဆူပါဆလွန်း အငှားကားငယ်လေးဖြင့်
မော်လမြိုင်မြို့သို့ ထွက်ခွာခဲ့ကြပါတော့သည်။
ထိုအချိန်အထိလည်း ပေါ့ပေါ့တန်တန်ပင်။
ဖျားစပြုလာသည်ကား မော်လမြိုင်မြို့ထဲ အ၀င်တွင် ဖြစ်သည်။ မြို့အ၀င်မှာတင်
ပတ္တူဖျင်ပေါ်တွင် ရောင်စုံရိုက်နှိပ်ထားသော စာပေဟောပြောပွဲ ကြော်ငြာများကို
တွေ့လိုက်ရသည်မှ အစပြုသည်။ ဟောပြောမည့် ကျွန်တော်တို့တွေ၏ မျက်နှာပြည့်
ဓာတ်ပုံများကို တန်းစီပြီး ပြထားသည်။ စုစုပေါင်း တစ်ဆယ်နဲ့မှ ခြောက်ဦး၏
ပုံများ။
၂၈ ရက်နေ့မှာ နေ၀င်းမြင့်၊ ခင်ခင်ထူး။ ၂၉
ရက်မှာ လှထွန်း (တွံတေး)၊ ကျော်ရင်မြင့်၊ ဦးဘုန်း(ဓာတု)တို့က
ဟောပြီးသွားပြီ။ ဆယ်တန်းကျောင်းသားများအတွက် ၃၀ ရက်နေ့ မနက်ပိုင်းနှင့်
နေ့ခင်းပိုင်းမှာ လှထွန်း (တွံတေး)၊ ဦးဘုန်း (ဓာတု)၊
ဒေါက်တာမောင်မောင်တင်နှင့် ညွန့်ဝေမိုးတို့က သီးသန့်ဟောပြောသည်ဟု ဆိုသည်။
ပရိသတ်အင်အား မ သေးလှဟုလည်း သိရသည်။ (၃၀ ရက်နေ့ညမှာ ဂျူးနှင့်ကျွန်တော်။ ၃၁
ရက်မှာ ကြည်မင်း၊ ကိုတာ၊ မောင်သာချို။ ၁ ရက်နေ့မှာ ချစ်ဦးညို၊
ဖေမြင့်နှင့် အော်ပီကျယ်တို့ ဖြစ်သည်)
ကျွန်တော်တို့ ဟိုတယ်ရောက်သည်။ ဟိုတယ်ကား
အသစ်။ အပျံစား။ မော်လမြိုင် ကျော်ကျော်စာပေမှ ဦးကျော်ကျော်နှင့်
မော်လမြိုင်မြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့မှ မောင်ဉာဏ်
(မော်လမြိုင်)တို့နှင့် တွေ့ရသည်။ ဆရာမဂျူးတို့က ကမ်းနားလမ်းမှ ဟိုတယ်မှာ
တည်းကြမည်။ ကျွန်တော် တစ်ယောက်တည်းသာ ဦးကျော်ကျော်တို့ စီစဉ်ပေးသည့်
ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျန်ရစ်သည်။
ညနေ ၆ နာရီလောက်တွင် ဟောပြောပွဲကျင်းပရာ
မဟာမြိုင် ပရိယတ္တိ စာသင်တိုက်သို့ ရောက်သွားသည်။ ဆရာမဂျူးက ရောက်နှင့်ပြီး
စာဖတ်ပရိသတ်များအတွက် သူ့စာအုပ်များကို လက်မှတ်ထိုးနေလေပြီ။
ကျွန်တော့်ကိုလည်း ထိုနေရာသို့ ခေါ် သွားရာ ကျွန်တော်လည်း လက်မှတ်ထိုးရသည်။
တဖြည်းဖြည်းနှင့် ပရိသတ်က ကြိတ်ကြိတ်တိုးလာသည်။ တိုးတိုးဝှေ့ဝှေ့လေးတွေ
ဖြစ်လာသည်။ ဆရာမဂျူးရော၊ ကျွန်တော်ပါ လက်မလည်အောင် လက်မှတ်တွေ ထိုးနေရသည်။
စာအုပ်လေးတွေ၊ ဘယ်ဘက်က ထိုးလာလိုက်၊ညာဘက်က ထိုးလာလိုက်၊ ရှေ့က
ရောက်လာလိုက်၊နောက်က ရောက်လာလိုက်။
စာပေဟောပြောပွဲတွင် တချို့စာရေးသူများ ဇာချဲ့တတ်သော ရှေ့နေရေး၊ နောက်နေရေး ပြဿနာ ကျွန်တော့်မှာ မရှိ။ ဆရာမဂျူးကို မေး ကြည့်တော့လည်း သူကလည်း ပြဿနာ မရှိချေ။ ကျွန်တော့်သဘောဟု ဆိုသည်။ သည်တော့လည်း အရှင်းကြီးပေါ့။ ၀ါအရသူက ကျွန်တော့်ထက်ကြီးသည်။ ပရိသတ်အင်အားလည်း သူက ကျွန်တော့်ထက် များသည်။ သည်တော့ သူနောက်မှာ နေတာကပင်သင့်မည်။ ကျွန်တော်ပင်စလိုက်မည်ဟု စီစဉ်သူတွေကို ပြောလိုက်ပါသည်။
သံဃာတော်တွေ အတော်များတာကို သတိထားမိလိုက်သည်။သည်လိုနှင့် အခမ်းအနား စီစဉ်သူထဲမှ တစ်ဦးက ကျွန်တော့်ကိုလာခေါ်လေပြီမို့ ပွဲခင်းထဲသို့ ၀င်လိုက်သည်။
ဟား... ဖျားပြီ။
ပရိသတ်က ကွင်းပြည့်။ ထိုင်ခုံတွေ ခင်းထားသည်။ ထိုင်ခုံအားလုံး လူပြည့်နေသည်။ စုစုပေါင်း ထိုင်ခုံ ၁၈၀၀ ချထားသည်ဟု သိရသည်။ ဆိုင်တွေမှာလည်း လူတွေစည်ကားနေဆဲ။ ပေါင်းလိုက်လျှင် လူ ၂၀၀၀ ကျော်မည်ဟု မှန်းမိသည်။
ကျွန်တော်တုန်သွားသည်။ သည်ပရိသတ်ကို ထိန်းဖို့က တော်တော်တော့ ကြိုးစားရမည်။ တော်ရိလျော်ရိ လုပ်လို့မရတော့။ ကျွန်တော့်မှာ ရှိနေသမျ ဉာဏ်နီ၊ ဉာဏ်နက် သာမက ဉာဏ်ခုနစ်ရောင် ထုတ်သုံးရပေတော့မည်။
ထားပါတော့...
အဓိက ပြောချင်သည်မှာ မော်လမြိုင် စာပေဟောပြောပွဲ၏ သိုက်ဝန်းကြီးကျယ်မှုကို ဖြစ်သည်။ စာပေဟောပြောပွဲကို တစ်နေရာတည်းမှာ ငါးညတိုင်တိုင် ဆက်တိုက်ကျင်းပပြီး စုစုပေါင်း စာရေးဆရာ ၁၃ ဦးက ဟောပြောခဲ့ကြသည်မှာ မြန်မာတစ်ပြည်လုံးတွင် သည်တစ်ကြိမ်မှာ ပထမဆုံးဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ (အကယ်၍ ဆရာမ မြနှောင်းညိုသာ လိုက်ပါနိုင်ခဲ့မည်ဆိုလျှင် စုစုပေါင်း စာရေးဆရာ ၁၄ ဦးပင် ဖြစ်နေပေလိမ့်မည်။)
ကျွန်တော်တို့၏ သွားရေးလာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကို စီစဉ်ပေးကြသည်မှာလည်း လိုလေသေးမရှိ။ ဟောပြောအပြီးတွင် မှန်ပေါင်သွင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ကျွန်တော်တို့ကို ချီးမြှင့်သော ''အာပူဇော်ခ''မှာလည်း ခါတိုင်းရနေကျနှုန်းထက် နှစ်ဆဖြစ်နေရာ သည်တစ်ကြိမ် အများဆုံးဟု ဆိုနိုင်ပါလိမ့်မည်။
စာအုပ်ဈေးပွဲတော်အတွက် ဆောက်ပေးထားသော ဆိုင်ခန်းများမှာလည်း အသစ်ကျပ်ချွတ်တွေ၊ သားသားနားနားတွေ။ နဖူးစီးတွေကလည်း ညီညီညာညာ။ ထိုဆိုင်များအတွက် အခွန်အခ ဘာတစ်ခုမှ မကောက်ခံဘဲ အလကားဖွင့်ခွင့်ပေးခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်သဖြင့် စာအုပ်တိုက်တွေကလည်း ၁၅ ရာခိုင်နှုန်း ဈေးလျော့ကာ ရောင်းချပေးနိုင်ကြသည်။
ကြည့်လိုက်သောအခါ မတည်ပေးသူများမှာ မြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်နေသည်။ မြို့တွင် သြဇာရှိသော သံဃာတော်များက ကမကထပြုကာ စီစဉ်လိုက်ခြင်းပင် ဖြစ်လေသည်။
အလွန်ပင် မုဒိတာပွားစရာ ကောင်းလှသလို အတုယူစရာလည်း ကောင်းသော ပွဲတစ်ပွဲပင် ဖြစ်သည်။ ဘီလူးကျွန်း နယ်တစ်ဖက်ကမ်းမှ ပရိသတ်များပါ ရောက်ရှိလာအောင် သယ်ယူပို့ဆောင်ပေးကြသလို အခြား ရပ် ကွက်များမှ ပရိသတ်များ အတွက်လည်း အဆင်ပြေအောင် စီစဉ်ပေးခဲ့ကြသေးသည်ဟု ကြားသိရပါသေးသည်။
တစ်ချိန်က မြန်မာနိုင်ငံ၏ တတိယမြို့တော်၊ ယခုသော် စတုတ္ထ မြို့တော်ဟု ခေါ်နိုင်မလား မသိ၊ ထို မြို့ကြီးတစ်မြို့မှ လုပ်ငန်းရှင် စီးပွားရေး သမားတွေ ညီညီညွတ်ညွတ်နှင့် မြို့အတွက် ငွေကုန်ကြေးကျခံကာ အသိပညာ ဖွံ့ဖြိုးရေးအတွက် တစ် တပ်တစ်အား ဆောင်ရွက်ကြသည်မှာ လွန်စွာ ထူးခြားလှပါသည်။ မြန်မာစာပေဟောပြောပွဲ သမိုင်းတွင် အသိုက်မြိုက်ဆုံး အကုန်အကျအခံဆုံး ပွဲတစ်ပွဲ ဖြစ်လာခဲ့သည်ဟု ပြောလျှင် လွန်မည်မထင်ပါ။
အထူးသဖြင့် ညီညွတ်ရေးကို ဝေါဟာရတစ်လုံးအဖြစ် ပြောကောင်းရုံသာ မပြောကြဘဲ တကယ်လက်တွေ့ အကောင်အထည်ဖော်လိုက်ကြသည့် ပြယုဂ်တစ်ခုအဖြစ် ခံစားမိရသလို အခြား မြို့တော်ကြီးများ၊ မြို့ကြီးများ၊ မြို့ငယ်များကလည်း မော် လမြိုင်၏ စံနမူနာကို အတုယူကာ သူ့ထက်ငါ ဆောင်ရွက်ကြိုးပမ်းကြမည် ဆိုလျှင်ဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အားရစရာ ကောင်းနေတော့မည်မှာလည်း မလွဲပါတည်း။
မော်လမြိုင်ကတော့ သာသွားလေပြီ။ ထို့ကြောင့်...
''သာစွ မော်ရွှေမြိုင်''ဟု ထောမနာ ပြုလိုက်ရလေပြီတကား။

အားလုံး တွေးဆဆင်ခြင် ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် - ၀၂၀၁၁၁)
အတ္တကျော်
(ရန်ကုန် - ၀၂၀၁၁၁)